ကျောက်တော်မှာ လက်နက်ကြီးကျပြီး တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပိုက်သည်ရပ်ကွက်နဲ့ ပြည်တော်သာရပ်ကွက်အတွင်း လက်နက်ကြီး ကျည်ကျရောက်ခဲ့တာကြောင့် အမျိုးသမီးတစ်ယောက် သေဆုံးပြီး အမျိုးသား သုံးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
-
ဖြူဖြူခိုင်
2020-02-03 -
-
-
ဒီကနေ့ မနက်ပိုင်း ၇ နာရီခန့်က ပိုက်သည်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် မရွှေဦးဟာ နေအိမ်မှာရှိနေစဉ် လက်နက်ကြီးကျည် စထိခဲ့တာကြောင့် ဦးခေါင်းနဲ့ လက်မောင်းမှာ ဒဏ်ရာရရှိခဲ့ပြီး နေရာမှာ တင် သေဆုံးသွားခဲ့တယ်လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော်က ပြောပါတယ်။
“ဦးခေါင်းပေါ်မှာတစ်ခု လက်မောင်းမှာတစ်ခု ကျည်ကျတယ်ပြောတယ်။ လက်နက်ကြီးကျည်က အလုံးလိုက် အခဲလိုက် ကျတာမဟုတ်ဘူး။ အဲဒီက ဖြာထွက်လာတဲ့ ကျည်တွေနဲ့ကျတာလို့ ပြောတယ်။ ၇ နာရီ မိနစ် ၅၀ ကျော်ခန့်မှာ ဒီနေ့မနက်မှာ။ သူ့အိမ်ထဲမှာထိုင်နေတုန်း ကျည်က ကျလာတာ။ နေရာမှာတင် သေဆုံးသွားတာ။"
ဒီနေ့မှာပဲ ကျောက်တော်မြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်တဲ့ ပြည်တော်သာရပ်ကွက်အတွင်းကိုလည်း လက်နက်ကြီး ကျည် ကျရောက်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်တော်သာရပ်ကွက်က အသက် ၄၇ နှစ်အရွယ် ဦးကျော်သိန်းထွန်း၊ ၆၂ နှစ်အရွယ် ဦးစောမောင်လှနဲ့ ၁၉ နှစ်အရွယ် မောင်စောဖြူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီအထဲက ဦးကျော်သိန်းထွန်းကတော့ ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံကို အရေးပေါ် ပို့ဆောင်နေတယ်လို့ သိရပါတယ်။
ကျောက်တော်မြို့နယ် မဟာကံကြီးရှင်ဘုရားပေါ်မှာ တပ်မတော်စစ်ကြောင်းတစ်ခု တပ်စွဲထားပြီး အဲဒီဘက်က နှစ်ဘက်လှရွာဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်နက်ကြီးကျည်ကျရောက်ခဲ့တဲ့ ပိုက်သည်ရပ်ကွက်ဟာ ကံကြီးရှင်ဘုရားရဲ့အရှေ့ဘက် မီတာ ၃၀၀ အကွာမှာရှိပြီး ပြည်တော်သာရပ်ကွက်ဟာ ဘုရားရဲ့ မြောက်ဘက်မှာ ရှိတာပါ။
ဒီရက်ပိုင်းအတွင်း ကျောက်တော်မြို့မှာ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိဘဲ အခုလို လှမ်းပစ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပေမယ့် တပ်ဘက်ကတော့ နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မဟာကံကြီးရှင်ဘုရားမှာ လုံခြုံရေးတာဝန်ယူနေတဲ့ တပ်မတော်စစ်ကြောင်းကို AA အဖွဲ့က ဘုရားရဲ့ အနောက်ဘက် နေရာသုံးနေရာက လာရောက်ပစ်ခတ်တာကြောင့် မိနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
“ခဏခဏ လာပြီးပစ်နေတာ။ ဒီနေရာမှာ အုပ်ချုပ်မှုယန္တရားတွေ တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လို့ လုံခြုံရေးအဖွဲ့တွေကို ထားပေးထားတာ။ ဒီလုံခြုံရေးအဖွဲ့တွေကို ခဏခဏလာပစ်တာ။ ဒီတစ်ခေါက်နဲ့ဆိုရင် ၃၊ ၄ ခေါက်ရှိပြီ။ ဒီလိုမြို့တွင်းမှာ လာပစ်တဲ့အတွက် မလိုလားအပ်တဲ့ ဖြစ်စဉ်တွေတော့ ဖြစ်နေမှာပဲ။ ဒါတွေက AA အပေါ်မူတည်တယ်။ တိုက်ပွဲသဏ္ဍာန်တွေ ဖော်တဲ့အခါမှာ လူနေရပ်ကွက်တွေ မြို့တွေရွာတွေကို အခြေခံတာတို့ မလုပ်ပါနဲ့။ ဒီလိုမျိုးလုပ်နေလို့ကတော့ ဒါမျိုးတွေကတော့ ဖြစ်နေမှာပဲ။"
တပ်မတော်က စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဒီနေ့ ညနေပိုင်းမှာ မေးမြန်းရာမှာ ပြန်လည်ပြောဆိုခြင်း မရှိသေးပါဘူး။
ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ငြိမ်နေရာကနေ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစလို့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပါတယ်။
မနေ့က တစ်ရက်တည်းမှာတင် ရသေ့တောင်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်မှာ မိုင်းပေါက်ကွဲတာ၊ လက်နက်ကြီးကျည် ပေါက်ကွဲတာကြောင့် အရပ်သား နှစ်ယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့ပါတယ်။
စစ်ရေး ပဋ္ဋိပက္ခပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း အရပ်သားသေဆုံးမှု ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှု ၂၅၀ ကျော်အထိ ရှိခဲ့တယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC က ဆိုပါတယ်။ အခုနှစ်ဆန်းပိုင်းမှာလည်း ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်နဲ့ သေဆုံးသူ ဆယ်ဦးထက်မနည်း ရှိနေပါတယ်။