စုံစမ်းရေးကော်မတီဖွဲ့ရေး လပ်ဗီးယားနှင့် ဒိန်းမတ် ထောက်ခံ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်းဖို့ ထောက်ခံခြင်း မရှိသေးတဲ့ ဥရောပ ၆ နိုင်ငံရဲ့ လန်ဒန်မြို့က သံရုံးတွေကို မြန်မာတွေ မတ်လ ၁၀ ရက် မနေ့က သွားရောက် ဆန္ဒပြ တောင်းဆိုခဲ့ရာမှာ ဥရောပ နိုင်ငံ ၂ ခုရဲ့ ထောက်ခံမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေး၏ သမီး မဝေနှင်းပွင့်သုန် (ရှေ့ဆုံး) က ဖခင်၏ ဓာတ်ပုံ ပိုစတာကို ကိုင်ဆောင်ကာ Burma Campaign UK အဖွဲ့ဝင်များနှင့်အတူ လန်ဒန်မြို့ရှိ ဥရောပ ၆ နိုင်ငံ သံရုံးများကို မတ်လ ၁၀ ရက်နေ့က လှည့်လည် ဆန္ဒပြ တောင်းဆိုနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of Burma Campaign UK) Photo: Courtesy of Burma Campaign UK

မြန်မာနိုင်ငံတွင်းက စစ်ရာဇဝတ်ပြစ်မှု နဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ် ပြစ်မှုတွေ ကို စုံစမ်းစစ်ဆေးဖို့အတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မတီ ဖွဲ့စည်းရေး ကို ဂျာမနီ၊ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ် ၊ လပ်ဗီးယား၊ လူဇင်းဘတ် စတဲ့ ဥရောပနိုင်ငံ ၆ နိုင်ငံက ထောက်ခံခြင်းမရှိသေးပါဘူး။

မနေ့က လန်ဒန်မြို့မှာ ရှိတဲ့ အဲဒီနိုင်ငံ သံရုံးတွေကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမြအေးရဲ့ သမီး မဝေနှင်းပွင့်သုန်က ဦးဆောင်သွားရောက်ပြီး စုံစမ်း စစ်ဆေးရေး ကော်မတီ ဖွဲ့စည်းရာမှာ ထောက်ခံကြဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလို မဝေနှင်းတို့ သွားရောက် တောင်းဆိုခဲ့တဲ့ ဥရောပ ၆ နိုင်ငံထဲက လပ်ဗီးယားနဲ့ ဒိန်းမတ်နိုင်ငံတွေရဲ့ ထောက်ခံမှု ရရှိခဲ့တယ်လို့ မဝေနှင်းပွင့်သုန်က အခုလိုရှင်းပြပါတယ်။

“Latvian embassy ကတော့အရမ်းကောင်းတယ် သူတို့အနေနဲ့ ဒီစုံစမ်းစစ်ဆေးရေး အဖွဲ့ဖို့ထောက်ခံတယ်။ သူတို့အစိုးရအနေနဲ့ တိတိလင်းလင်း မပြောသေးတာပဲရှိတဲ့ against လုပ်တာလည်းမရှိဘူး ။ သူတို့အနေနဲ့ ဒါလည်း ဖြစ်စေချင်တဲ့ အကြောင်းကို ပြောတယ်။ ပြီးတော့ ဒီနေ့ Danish embassy က စာရတာကလည်း အတူတူပဲ UN commission of inquiry ဆိုတာကို ထောက်ခံတယ် သူတို့ဖြစ်စေချင်တာလည်း ဒါပဲဖြစ်တယ်။ သူတို့ယုံကြည်တယ်။ ဒါလုပ်ရင် မြန်မာနိုင်ငံ ပိုပြီးကောင်းလာဖို့ ပြီးတော့ လူသားတွေရဲ့ လူအခွင့်အရေးတွေ ပြန်ရဖို့ဆိုတာကို သူတို့ယုံကြည်တယ်၊ သူတို့ ထောက်ခံတယ်လို့ ပြောတော့ အရမ်းကောင်းတယ်လို့ ပြောရတာပေါ့နော်။”

ဒါပေမဲ့ ဂျာမနီသံရုံးဖက်ရဲ့ တုံ့ပြန်မှုကတော့ အားရကျေနပ်စရာ မရှိဘူးဆိုတဲ့အကြောင်းကို မဝေနှင်းပွင့်သုန်က ဆက်ပြောပြပါတယ်။

“German embassy ကတော့ နည်းနည်းစိတ်ပျက်ဖို့ကောင်းတယ်ရှင့်။့ သူတို့အနေနဲ့ ဘာမှ ဆိုးဆိုးရွားရွား လုပ်တာလည်း မရှိပါဘူးပေါ့။ အရင်ကလည်း record တွေ ရှိတယ်လေ သူတို့ ဗမာနိုင်ငံနဲ့ ပတ်သက်ပြီး strongly ဘာမှ လုပ်ခဲ့တာလည်း မရှိဘူး ဒါပေမဲ့ အဲဒီလူက ပြောတာကတော့ သူတို့အနေနဲ့ အမြဲတမ်း support လုပ်ခဲ့တယ် ဘယ်တုံးကမှ against လုပ်တာလည်း မရှိဘူး ဒါပေမဲ့ ဒီ UN commission of inquiry ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မပြောနိုင်သေးဘူးလို့ ပြောတယ်ရှင့်။”  

ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ရေးဟာ မြန်မာနိုင်ငံသားတွေ အတွက် အမှန်တကယ် အရေးတကြီး လိုအပ်နေတဲ့ အရာဖြစ်တယ်လို့ မဝေနှင်းပွင့်သုန်က ဆိုပါတယ်။

“အခုဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ ကြည့်မယ်ဆိုလို့ရှိရင် လက်မခံနိုင်စရာ ကောင်းလောက်အောင် ဖြစ်နေတယ်ပေါ့နော်။ Crime against humanity လို့ ပြောလို့ရတယ်။ အခု နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ရှိတယ် သူတို့ နေ့တိုင်းလိုလို အစာရေစာ ကောင်းကောင်းမွန်မွန် မရဘူး ဆေးဝါး ကောင်းကောင်းမွန်မွန် ကုသခွင့်မရဘူး မိသားစုနဲ့ ဝေးတဲ့နေရာတွေ ရောက်နေတယ် ဆိုတာက လက်ခံနိုင်စရာ မရှိဘူး။ နိုင်ငံတကာ အဆင့်အတန်းနဲ့ ယှဉ်ကြည့်မယ် ဆိုလို့ရှိရင် ပြီးတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားတွေ ခံစားနေရတဲ့ ဒုက္ခ။ မိန်းခလေးတွေ ငါတော့ ဘယ်တော့ မုဒိန်းကျင့်ခံရမလဲ ဆိုတာ တွေးပြီး ပူနေရမယ့် ဘဝမျိုး ဆိုတာတွေကလည်း လက်ခံနိုင်စရာမရှိဘူး။ ဆိုတော့ ဒီဟာတွေ အကုန်လုံး ရပ်ဖြစ်ဖို့ဆိုတာ ကျမတို့ ဒီ စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့တဲ့အခါကျရင် ဘာမှဖြစ်မလာရင်တောင် ဒီအစိုးရကို ပြောရမှာ မင်းတို့ တခုခုလုပ်ရင် ငါတို့အနေနဲ့ အဆင်သင့် ရှိပြီးသွားပြီ။ ဒီခုံရုံးတင်ဖို့ဆိုတဲ့ ကိစ္စ ကျမတို့အနေနဲ့ ဒါပထမဦးဆုံးအဆင့်လို့ ပြောလို့ရတာပေါ့နော်။”

မနေ့က မတ်လ ၁၀ နေ့ဟာ မဝေနှင်းပွင့်သုန်ရဲ့ အဖေ ကိုမြအေးရဲ့ ၄၄ နှစ်ပြည့် မွေးနေ့ ဖြစ်တဲ့အတွက် မွေးနေ့ လက်ဆောင်အနေနဲ့ မြန်မာနိုင်ငံသား အများစုအတွက် ကောင်းကျိုး တစုံတခု လုပ်ပေးချင်တဲ့အတွက် အခုလို သူ ဦးဆောင်ပြီး လုပ်ရတာပါလို့ မဝေနှင်းက RFA ကို ပြောပြပါတယ်။

အဲဒီ စုံစမ်းရေကော်မတီ ဖွဲ့ဖို့အတွက် တခြား ဥရောပနိုင်ငံတွေ ဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ နယ်သာလန် စတဲ့ နိုင်ငံတွေက ထောက်ခံထားပြီးပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org