ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရွေးကောက်ပွဲ မဝင်တော့ဟု RFA ကို ပြောကြား

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အခု ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပဖို့ ကြေညာထားတဲ့ ရွေးကောက်ပွဲမှာ သူ့အနေနဲ့ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ပါဘူးလို့ RFA ကို ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့ညမှာ ပြောကြားလိုက်ပါတယ်။

၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လှည်းကူးမြို့နယ် မဲဆန္ဒနယ်အတွက် NLD ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော ဦးဖြိုးမင်းသိန်းကို တွေ့ရစဉ်။ Photo: Reuters

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အခု ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပဖို့ ကြေညာထားတဲ့ ရွေးကောက်ပွဲမှာ သူ့အနေနဲ့ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ RFA ကို ဇွန်လ ၁၅ ရက်နေ့ ညမှာ သီးသန့် ပြောကြားလိုက်ပါတယ်။

သူလှည်းကူးကို ဒီရက်ပိုင်းသွားရောက်ခြင်းလည်း မရှိကြောင်းနဲ့ အခုလို ထပ်မံရွေးကောက်ပွဲ မဝင်တော့ဘူးလို့ ဆုံးဖြတ်ရတာဟာ ကျန်းမာရေးအခြေအနေအရ ဖြစ်ပါတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒါ့အပြင် ဦးဖြိုးမင်းသိန်း က သူ့ကို လှည်းကူးမြို့နယ်မှာရှိတဲ့ ပါတီခေါင်းဆောင်ပိုင်းကရော လူထုကပါ ထပ်မံ ရွေးချယ်ဖို့ အဆိုပြုခဲ့ကြကြောင်း၊ သူတို့ရဲ့စေတနာကိုလေးစားပေမယ့် သူပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ပါဘူးလို့လည်း RFA ကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ လာမယ့် ရွေးကောက်ပွဲမှာ ထပ်မံ ပါဝင်ယှဉ်ပြိုင်မယ်လို့ မနေ့က စောစောပိုင်းမှာ သတင်းတွေထွက်ခဲ့တာနဲ့ စပ်လျဉ်းပြီး RFA က  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို  ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဌ ဦးစိုင်းညွန့်လွင်ကတော့ ရွေးကောက်ပွဲမဝင်လည်း နိုင်ငံ့အကျိုးကို ထမ်းပိုးနိုင်ပါတယ်လို့ ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးကလည်း လွှတ်တော်နိုင်ငံရေးထက် အမျိုးသားပြန်လည်သင့်မြတ်ရေးက ပိုပြီး အရေးကြီးပါတယ်လို့ ကောက်ချက်ချပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ရွေးကောက်ခံမှာ မဟုတ်တော့ဘူးလို့ သတင်းတွေထွက်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က တရားဝင် ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org