တပ်က စွဲထားတဲ့ ဆရာတော်ဦးစိန္တိတအမှုကို ပုဒ်မပြောင်းပြီး ဆက်စစ်

မန္တလေးမြို့က ဆရာတော် ဦးစိန္တိတကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုဖို့ တပ်မတော်က တင်ပြထားတဲ့ အမှုကို အသရေဖျက်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၀ နဲ့ ပြောင်းလဲ စစ်ဆေးသွားဖို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက သြဂုတ်လ ၆ ရက် မနေ့က အမိန့်ချလိုက်ပါတယ်။

ဆရာတော်ဦးစိန္တိတကို ပြည်ကြီးတံခွန် မြို့နယ်တရားရုံးမှာတွေ့ရစဉ် -

မန္တလေးမြို့က ဆရာတော် ဦးစိန္တိတကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုဖို့ တပ်မတော်က တင်ပြထားတဲ့ အမှုကို အသရေဖျက်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၀ နဲ့ ပြောင်းလဲ စစ်ဆေးသွားဖို့ ပြည်ကြီးတံခွန် မြို့နယ်တရားရုံးက သြဂုတ်လ ၆ ရက် မနေ့က အမိန့်ချလိုက်ပါတယ်။

မဟာဝိဇာတာရာမတိုက်၊ မလိခဝါဆိုကျောင်းက ဆရာတော် ဦးစိန္တိတဟာ အွန်လိုင်း လူမှုကွန်ရက်မှာ တပ်မတော် ဂုဏ်သိက္ခာညှိုးနွမ်းအောင် ရေးသားခဲ့တယ်ဆိုပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်က အမှတ် (၂) ပင်မအလုပ်ရုံ (လျှပ်/စက်) အလုပ်ရုံမှူး ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလက  တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဇူလိုင်လမှာတော့ တရားရုံးက ပယ်ချခဲ့လို့ တပ်က တိုင်းတရားရုံးကို ဆက်လက်တင်ပြခဲ့ပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ ပြန်လည်စစ်ဆေးဖို့ဆိုပြီး တိုင်းတရားရုံးက အမိန့်ချခဲ့တာကြောင့် မြို့နယ် တရားရုံးကနေ အဲဒီအမှုကို ဆက်လက်စစ်ဆေးမှာပါ၊  သြဂုတ်လ ၂၀ ရက်နေ့မှာ  ဆက်လက်စစ်ဆေးမယ်လို့ သိရပါတယ်။

ဆရာတော် ဦးစိန္တိတကတော့ အွန်လိုင်းမှာ ရေးသားပြောဆိုနေရတာတွေဟာ တပ်အတွက်ပဲ ဖြစ်တယ်လို့  မိန့်ပါတယ်။

"တရားစွဲနေလို့လည်း ထူးလာမှာမဟုတ်ဘူး၊ စစ်တပ်က ဘာဖြစ်နေတယ်ဆိုတာ မြန်မာ့နိုင်ငံရေး သမိုင်းကို သိတဲ့သူတွေ သိပါတယ်။ တပ်က အာဏာသုံးရပ်မှာ ဝင်ရောက် စွက်ဖက်နေတာတွေကလည်း ကြာခဲ့ပြီ၊ ကြာသာကြာခဲ့တာပဲ တိုင်းပြည်အတွက် ပြောင်းလဲမှုမရှိခဲ့ဘူး၊ ပြောင်းလဲနေတဲ့ အစိုးရ တစ်ရပ်ပေါ်တဲ့အချိန်မှာ ပြောင်းလဲမှုတွေကို သဘောထားကြီးကြီးနဲ့ လိုက်ဖို့လိုတယ်။ အမှန်တရား ဖော်ထုတ်တဲ့သူတွေကို တရားတွေ စွဲနေတာကလည်း မဖြစ်သင့်ဘူး"

ဆရာတော်ရဲ့ မိန့်ကြားချက်နဲ့ ပတ်သက်ပြီး တရားလိုဖြစ်တဲ့ တပ်မတော်ဘက်ကို မေးမြန်းဖို့ ဒီကနေ့ ကြိုးစားခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း မန္တလေးမြို့ ဘဝအလင်းဆရာတော် ဦးသောဘိတကို တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုဖို့ ကြိုးပမ်းခဲ့ရာမှာ  အမရပူရမြို့ နယ်တရားရုံးက ပယ်ချခဲ့ပါတယ်။

မြဝတီဆရာတော် အရှင်အရိယဝံသာဘိဝံသရဲ့ စာနယ်ဇင်း ဖြေကြားချက်တစ်ခုဟာ တပ်ကို သိက္ခာကျစေတယ် ဆိုပြီး တပ်က ပုဒ်မ ၅၀၀ နဲ့   ပြည်ကြီးတံခွန် တရားရုံးမှာ  ၂၀၁၉ ခုနှစ်က တရားစွဲဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org