ဘင်္ဂါလီ ရိုဟင်ဂျာတွေကို လက်ခံဖို့ မဖြစ်နိုင်ကြောင်း သမ္မတ ဦးသိန်းစိန်ပြောကြား
တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို လက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း မြန်မာအစိုးရ အနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စကို ဖြေရှင်းဖို့ အလေးအနက် စဉ်းစားနေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
-
2012-07-12 -
-
-
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အကြီးအကဲ Antonio Guterres နဲ့ မနေ့က တွေ့ဆုံ ဆွေးနွေးချိန်မှာ အခုလို ပြောကြားခဲ့တာလို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဒီကနေ့ ရေးသားထားပါတယ်။
ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စကို ဖြေရှင်းရာမှာ UNHCR ဒုက္ခသည်စခန်း ဖွင့်လှစ် စောင့်ရှောက်ထားဖို့ ဒါမှမဟုတ် တခြားလက်ခံမယ့် နိုင်ငံတခုခုကို ပို့ဆောင်ပေးဖို့ နည်းလမ်းသာ ရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
“သမိုင်းကြောင်းအရ မြန်မာနိုင်ငံကို ဘင်္ဂါလီတွေ ဝင်ရောက်လာတာဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရခင် အင်္ဂလိပ် နယ်ချဲ့တွေက လယ်ယာ လုပ်ကိုင်ဖို့ ခေါ်သွင်းလာတာ ဖြစ်ကြောင်း၊ အဲဒီအချိန်က အလုပ်အကိုင် ကောင်းမွန်တဲ့အတွက် မပြန်တော့ဘဲ အခြေချ နေထိုင်သူတွေလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မိဘနှစ်ပါးက မွေးဖွားသူ၊ တတိယမျိုးဆက် “မြေး” အဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမယ်ဆိုတဲ့ ဥပဒေ ရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်ရင် ၁၉၄၈ ခုနှစ် မတိုင်မီ ဘင်္ဂါလီတွေကနေ ပေါက်ဖွားလာသူတွေ၊ နောက်ပိုင်းမှာ ရိုဟင်ဂျာ အမည်ခံပြီး ခိုးဝင်လာသူတွေ စသဖြင့် ရှုပ်ထွေးနေကြောင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း" ဦးသိန်းစိန်က ပြောကြားတယ်လို့ ဖော်ပြထားပါတယ်။