တပ်ချုပ်ရဲ့ အမတ်လောင်းမူဝါဒ မြဝတီမှာ ဖော်ပြချက်ကို UEC ကန့်ကွက်ခဲ့

ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်ကို ဘယ်လိုရွေးမလဲဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မူဝါဒ ခြောက်ချက်ကို တပ်မတော်ပိုင် မြဝတီသတင်းစာမှာ နေ့စဉ်ဖော်ပြခဲ့မှု ရပ်ဆိုင်းခဲ့ရခြင်းဟာ လူမျိုးရေး၊ ဘာသာရေး အသုံးပြု မဲဆွယ်သလို ဖြစ်နေတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ကန့်ကွက်ခဲ့တာ ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

မြဝတီသတင်းစာမှာ နေ့စဉ်ဖော်ပြခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရေး မူဝါဒ ခြောက်ချက်ကို တွေ့ရစဉ် Photo: RFA

ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်ကို ဘယ်လိုရွေးမလဲဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မူဝါဒ ခြောက်ချက်ကို တပ်မတော်ပိုင် မြဝတီသတင်းစာမှာ နေ့စဉ်ဖော်ပြခဲ့မှု ရပ်ဆိုင်းခဲ့ရခြင်းဟာ လူမျိုးရေး၊ ဘာသာရေး အသုံးပြု မဲဆွယ်သလို ဖြစ်နေတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ကန့်ကွက်ခဲ့တာ ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

မြဝတီသတင်းစာမှာ ရက်ဆက် ဖော်ပြခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရေး မူဝါဒ ခြောက်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေတွေနဲ့ ကိုက်ညီမှု မရှိဘူးဆိုပြီး ပြီးခဲ့တဲ့သြဂုတ်လ ၃၁ ရက်နေတုန်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို တိုင်ကြားခဲ့ပါတယ်။

ဒီလို တိုင်ကြားတာကြောင့် စက်တင်ဘာလ ၁ ရက်နေ့မှာ မြဝတီသတင်းစာ အယ်ဒီတာချုပ်ကို ခေါ်ယူ ဖြေရှင်းခဲ့တယ်လို့ ကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောပါတယ်။

"ဖြေရှင်းတော့ ပြီးသွားပြီ၊ သြဂုတ်လ ၃၁ရက်မှာ တိုင်တယ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ ခေါ်တယ်၊ စက်တင်ဘာ ၂ ရက်နေ့ကနေ မထည့်တော့ဘူး"


တပ်မတော်ပိုင် မြဝတီသတင်းစာက သြဂုတ်လ ၁၅ ရက်နေ့က စတင်ပြီး သတင်းစာနောက်ကျောဖုံးမှာ နေ့စဉ် ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးဘာသာကို နည်းမှန်လမ်းမှန် ထိန်းသိမ်းနိုင်သူ၊ ပြည်ပအဖွဲ့အစည်း၊ နိုင်ငံခြားသားတွေရဲ့ လွှမ်းမိုးမှုမရှိသူ၊ တပ်မတော်အပေါ်  စာနာနားလည်သူ၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်နိုင်သူ ၊နိုင်ငံရေးစီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအမြင်ရှိသူ၊ နိုင်ငံနဲ့ဒေသ အကျိုးပြုမယ့်သူကို ရွေးချယ်ဖို့ အကြံပြုထားတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ ၊ ရွေးကောက်ပွဲဥပဒေအခန်း ၁၂ ပုဒ်မ ၅၈ (ဂ)မှာ လူမျိုးရေး၊ ဘာသာရေးကို ဖြစ်စေ အကြောင်းပြုပြီး မဲမဆွယ်ဖို့နဲ့ ဒီလိုဟောပြောတာတွေကြောင့် တစ်ဖက်နဲ့တစ်ဖက် မုန်းတီးတာတွေ၊ ရန်မူတာတွေ၊ စိတ်ဝမ်းကွဲတာတွေ မဖြစ်စေရန် ကန့်သတ်ထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာကောင်စီကို တိုင်ကြားတဲ့ စာထဲမှာ ပါဝင်ပါတယ်။

ဘာသာရေး လူမျိုးရေးအကြောင်းပြ မဲဆွယ်တာဟာ ဥပဒေနဲ့ မညီညွှတ်ဘူးလို့ NLD ပါတီ အောင်နိုင်ရေး ကော်မတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ တာဝန်အရှိဆုံးဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာကောင်စီကို တိုင်ကြားဖြေရှင်းပြီး ဖြစ်ပါတယ်၊ ဒီမှာ အကြောင်းပြချက်တွေလည်း အပြည့်အဝပါပြီး ဖြစ်ပါတယ်၊ အဲဒီလို လူမျိုးရေး၊ ဘာသာရေး အကြောင်းပြပြီးတော့ ရွေးကောက်ပွဲနိုင်ရေး ကြိုးစားတာဟာ ဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ရပ် ဖြစ်ပါတယ်၊ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကပြောပြော ဥပဒေနဲ့ မညီညွတ်တာဟာ ကင်းလွတ်ခွင့် ရနိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်"

တပ်ချုပ်မူဝါဒ ခြောက်ချက်ဟာ လက်နက်ကိုင်အားလုံးကို ညွှန်ကြားတဲ့သဘောဖြစ်နေတဲ့အပြင် ပြည်သူတွေကို မဲဆွယ်စည်းရုံးတဲ့သဘောလည်း သက်ရောက်နေတယ်လို့ UEC တိုင်ကြားစာမှာ ပါရှိပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့မှာ နိုင်ငံရေးပါတီ ၃၄ ပါတီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲအပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားချက်တွေထဲက ကောက်နှုတ်ချက်တွေကို မြဝတီသတင်းစာမှာ ရက်ဆက် ကြေညာထည့်တာလို့လည်း UEC တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဒီကနေ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ဘာသာရေး၊ လူမျိုးရေးပြောဆို မဲဆွယ်တာတွေက အချင်းချင်းကြားထဲမှာ သွေးကွဲတာတွေရှိနိုင်ပြီး သြဇာကြီးတဲ့ သူတွေရဲ့ ပြောဆိုချက်က သက်ရောက်မှု ကြီးမားတတ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည်လေ့လာနေတဲ့ New Myanmar Foundation အဖွဲ့က ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။

"ဘာသာရေး၊ လူမျိုးရေးဆိုတာတွေက အချင်းချင်းကြားထဲမှာ ပဋိပက္ခဖြစ်တာတွေ၊ သွေးကွဲမှုတွေ ဖြစ်လာနိုင်တယ်၊ သူတစ်ဦးတစ်ယောက်ထဲရဲ့ အမြင်ဆိုရင်တော့ မပြောတတ်ဘူး၊ ဒါပေမဲ့ ရာထူးရှိတဲ့ လူတစ်ယောက်ဆိုရင်တော့ ဒီကိစ္စတွေက အင်မတန်အရေးကြီးပါတယ်"


နိုင်ငံသားတိုင်းဟာ မဲပေးခွင့်၊ ရွေးချယ်ခံပိုင်ခွင့်ရှိပြီး လူမျိုးရေး၊ ဘာသာရေး ပြောဆိုမဲဆွယ်တာဟာ ပဋိပက္ခကို ဖြစ်စေနိုင်ပြီး ဒီနိုင်ငံမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်ကြကာ ကိုယ့်မြို့နယ်မှာ တကယ်အလုပ် လုပ်နိုင်မယ့်သူ နိုင်ငံကောင်းကျိုး လုပ်နိုင်မယ်သူမျိုးကို နိုင်ငံသားတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်လို့လည်း ဒေါ်မြနန္ဒသင်းက ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒခြောက်ချက်ကို မြဝတီမှာ ထည့်သွင်းတာဟာ ဥပဒေအရ ချိုးဖောက်တာ မဟုတ်ဘူးလို့ သုံးသပ်သူက တပ်မတော် အရာရှိဟောင်းလည်းဖြစ် ပြန်ကြားရေး ဝန်ကြီးဟောင်းလည်းဖြစ်တဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွဋ်ပါ။

"တကယ်လို့သာ ပြောရမယ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိန့်ခွန်းတွေထဲက အစိုးရကောင်းကြောင်း၊ အစိုးရဆိုတာကလည်း NLD အစိုးရကောင်းကြောင်းတွေကို ပြောထားတဲ့အချက်တွေကို  နိုင်ငံပိုင် သတင်းစာ တွေကနေ နေ့စဉ်ဖော်ပြနေတာဘဲ၊ အဲဒါကိုကော ဘယ်လိုအဓိပ္ပါယ် ကောက်မလည်း စဉ်းစားကြည့်ပေါ့၊ ဟုတ်တယ်မလား၊ တပ်မတော်သတင်းစာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချူပ် သဘောထားပြောတာဟာ ဘာမှပြဿနာမရှိဘူးလို့ ကျနော်တော့ ထင်တာဘဲ၊ ဘယ်ပါတီကိုမဲပေးပါလို့ ပြောတာမဟုတ်ဘဲ"

မြဝတီသတင်းစာမှာ တပ်ချုပ်ရဲ့ မူဝါဒ ခြောက်ချက် ဖော်ပြမှုကို ကန့်ကွက်တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို  RFA က Email ပေးပို့ ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD က နေရာအများအပြားမှာ အနိုင်ရခဲ့ပေမယ့်  တပ်မတော်မိသားစုဝင်တွေ များပြားတဲ့ မဲဆန္ဒနယ်မြေတွေမှာတော့ တပ်မတော်က တည်ထောင်ပေးခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပိုအားသာခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ တပ်မတော် သားတွေပေးမယ့် တပ်မဲရုံတွေကို တပ်ရင်းအတွင်းမထားဘဲ တပ်အပြင်ထုတ်ဖို့ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် လက်ထက်မှာပဲ ဆုံးဖြတ်ထားပါတယ်။

အခြေခံဥပဒေ ပြဋ္ဌာန်းချက်ကြောင့် တပ်မတော်က  အရေးကြီးတဲ့ ဝန်ကြီးဌာန သုံးခုရဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေကို ရွေးချယ်ခွင့်ရှိပါတယ်။ ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့ရဲ့ လုံခြုံရေးရာဝန်ကြီးတွေကိုလည်း တပ်ကပဲ ရွေးချယ် စေလွှတ်ပါတယ်။ လွှတ်တော်အရပ်ရပ်မှာလည်း ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း အလိုအလျောက် ရရှိမှာဖြစ်တဲ့အတွက် ကိုယ်စားလှယ်ကို စိတ်ကြိုက် ရွေးချယ် စေလွှတ်နိုင်ပါတယ်။

အထွေထွေရွေးကောက်ပွဲ ကြားဖြတ်ရွေးကောက်ပွဲတွေမှာလည်း အများနည်းတူ မဲပေးခွင့် ရရှိထားပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org