ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း ဗကသအဖွဲ့ ပြောကြား
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)အဖွဲ့အနေ နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည် မရှိကြောင်းနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးဖို့ တိုက်တွန်း သွားမှာ မဟုတ်ကြောင်း ဒီကနေ့ ပြောပါတယ်။
-
2015-10-10 -
-
-
Your browser doesn’t support HTML5 audio
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)အဖွဲ့အနေနဲ့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်းနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးဖို့ တိုက်တွန်းသွားမှာ မဟုတ်ကြောင်း ဒီကနေ့ ပြောပါတယ်။
လက်ပံတန်း ကျောင်းသားသပိတ်စခန်း ဖြိုခွင်းခံရတဲ့ ၇ လပြည့်အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ ဖန်တီးရာ ရုံးခန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး သတင်းထောက်တစ်ဦးက ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်သလဲလို့ မေးမြန်းရာမှာ ဗကသ အမှုဆောင်ကော်မတီအဖွဲ့ဝင် ကိုအောင်နေပိုင်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
"၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ပေါ်ပေါက်နေတဲ့အစိုးရ အဲ့ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှာ အဲ့ဒီအစိုးရကနေပြီးတော့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ကျင်းပ မယ့်ရွေးကောက်ပွဲကို ကျနော်တို့အနေနဲ့ အယုံအကြည်မရှိပါဘူး၊ ကျနော်တို့အနေနဲ့ကတော့ ပြည်သူလူထုကို မဲပေးဖို့တိုက်တွန်းသွားမှာမဟုတ်ပေမယ့် ကျနော်တို့မဲထည့်မယ်ဆိုရင်တော့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားဒီမိုကရေစီပါတီတွေကို မဲ့ထည့်ဖို့ ကျနော်တို့ တိုက်တွန်းသွားမှာဖြစ်ပါတယ်"
ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားတွေကို လွှတ်ပေးဖို့ကိုလည်း တောင်းဆိုကြောင်း ပြောပါတယ်။
လက်ရှိမှာ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သပိတ်မှောက်ခဲ့တာကြောင့် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရ တဲ့ ကျောင်းသားနဲ့ ဝန်းရံပြည်သူ ၆ဝ ကျော်ရှိတယ်လို့ သိရပါတယ်။
လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၇ လပြည့်အခမ်းအနားကို ဗကသအဖွဲ့ချုပ်၊ Fortify Rights, အမေရိကန် ဟားဗတ်တက္ကသိုလ် ဥပဒေပညာဌာန နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာရေးအဖွဲ့၊ Justice Trust၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့တွေက ပူးပေါင်းကျင်းပကြ တာ ဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုအောင်သိင်္ခ တင်ပြထားတား နားဆင်နိုင်ပါတယ်။