ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ငါးသန်းကျော် ဗြိတိန် ကူညီမည်
မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ငါးသန်းကျော် ကူညီမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ကြေညာလိုက်ပါတယ်။
-
RFA Burmese
2023-12-14 -
-
-
မြန်မာနိုင်ငံတစ်ဝန်းက အကူအညီလိုအပ်နေတဲ့ ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ သန်းနဲ့ ညီမျှတဲ့ စတာလင်ပေါင် ၄ ဒဿမ ၅ သန်းကို ကူညီထောက်ပံ့သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဒီဇင်ဘာလ ၁၄ ရက်နေ့က ကြေညာလိုက်ပါတယ်။
ရိုဟင်ဂျာတွေအပါအဝင် ဒုက္ခသည်တွေ အားလုံးအတွက် မရှိမဖြစ်လိုအပ်နေတဲ့ ရေသန့်၊ စားနပ်ရိက္ခာနဲ့ အမိုးအကာရရှိရေးအတွက် ထောက်ပံ့သွားမှာလို့ ဆိုပါတယ်။ ဒီထောက်ပံ့မှုဟာ ဗြိတိန်အစိုးရ အကူအညီပေးရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဒီဇင်ဘာ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များဖိုရမ်မှာလည်း ဗြိတိန်အစိုးရရဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Andrew Mitchell က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် မြန်မာပြည်တွင်းက ဒုက္ခသည်တွေအတွက် ပေါင်ခုနစ်သန်းနဲ့ညီမျှတဲ့ ရေသန့်၊ စားနပ်ရိက္ခာနဲ့ အမိုးအကာရရှိရေး ဗြိတိန်အစိုးရက ပံ့ပိုးကူညီသွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းက ဒုက္ခသည်တွေက ပေါင်လေးသန်းခွဲရရှိမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေက ပေါင် နှစ်သန်းခွဲရရှိမှာ ဖြစ်ပါတယ်။
“ဒီကြေညာတဲ့အထောက်အပံ့တွေဟာ ရပ်ရွာတစ်ခုလုံး ရှင်သန်ဖွံ့ဖြိုးလာစေဖို့ အိမ်ရှင်နိုင်ငံတွေ လိုအပ်နေတဲ့ အကူအညီတွေကို ပံ့ပိုးပေးမှာဖြစ်ပြီး၊ ခေါင်းပုံဖြတ်ခံရမှု အန္တရာယ်ကိုပါ လျှော့ချပေးရာ ရောက်မှာဖြစ်ပါတယ်။ ဒုက္ခသည်တွေအနေနဲ့ အခြေအနေပေးလို့ နေရပ်ပြန်တဲ့အခါ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်စေဖို့၊ ပညာရေးနဲ့ ကျွမ်းကျင်မှုတွေရရှိနိုင်စေဖို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။”
ဒါ့အပြင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ နေရပ်စွန့်ခွာထွက်ပြေးနေရသူအရေအတွက်က သန်း ၁၁၀ ကျော်အထိ တိုးလာမယ်လို့ ခန့်မှန်းထားကြောင်း Andrew Mitchell က ပြောခဲ့ပါတယ်။
“ယခုနှစ်မှာ ပဋိပက္ခ (ဒါမှမဟုတ်) အကျပ်အတည်းတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူ အရေအတွက်ဟာ လူဦးရေ သန်း ၁၁၀ ကျော်အထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ မကြုံစဖူးဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အရေးတကြီး လိုအပ်မှုကို မီးမောင်းထိုးပြနေပါတယ်"
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ကလည်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီတွေအတွက် စတာလင်ပေါင် သန်း ၃ဝ ကျော် ထောက်ပံ့ကူညီသွားမယ်လို့ ဗြိတိန်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်အောက်တိုဘာလ နောက်ပိုင်း မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လက်တလောနေရပ်စွန့်ခွာထွက်ပြေးနေရသူ ငါးသိန်းခုနစ်သောင်းကျော်ရှိတယ်လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ကုသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။