လန်ဒန်က မြန်မာသံအမတ်နေအိမ်ကို တရားမဝင်ရယူဖို့ စစ်ကောင်စီကြိုးပမ်း

အာဏာသိမ်းစစ်ကောင်စီက ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်း လက်ရှိနေထိုင်နေတဲ့ သံအမတ်နေအိမ်ကို တရားမဝင် သိမ်းပိုက်ရယူဖို့ ကြိုးပမ်းမှုကို Myanmar Accountability Project (MAP) က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းအား ၂ဝ၂၁ ခုနှစ် ဧပြီလ ၈ ရက်နေ့က လန်ဒန်မြို့ မြန်မာသံရုံးရှေ့တွင် တွေ့ရစဉ်။ Reuters

အာဏာသိမ်းစစ်ကောင်စီ က ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်း လက်ရှိနေထိုင်နေတဲ့ သံအမတ်နေအိမ်ကို တရားမဝင် သိမ်းပိုက်ရယူဖို့ ကြိုးပမ်းမှုကို လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Myanmar Accountability Project (MAP) က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ထုတ်ပယ်ခံလိုက်ရတဲ့ သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်း က လက်ရှိအချိန်အထိ အဲဒီသံတမန်နေအိမ်မှာ နေထိုင်နေတဲ့အတွက် သူ့ကို ပိုင်နက်ကျူးလွန်မှုနဲ့ စစ်ကောင်စီက ဗြိတိန်ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။ သူ့ကို နေအိမ်ကနေ ဖယ်ရှားပြီး သံတမန်နေအိမ်ကို သူတို့ကို ပိုင်ဆိုင်ခွင့်ပေးဖို့ စစ်ကောင်စီက တောင်းဆိုထားပါတယ်။

ဗြိတိန်နိုင်ငံမှာ ဒီအဆောက်အဦးကို ပြည်ထောင်စုမြန်မာနိုင်ငံပိုင်အနေနဲ့ မှတ်ပုံတင်ထားတာဖြစ်တယ်၊ အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည်ကို ကိုယ်စားပြုတာ မဟုတ်ကြောင်းနဲ့ ဒီလို သိမ်းယူဖို့ ကြိုးစားမှုဟာ တရားမဝင်ကြောင်း MAP ရဲ့ ဒါရိုက်တာ Chris Gunness က ပြောပါတယ်။

ဦးကျော်စွာမင်းက သံအမတ်နေအိမ်ကနေ သူလုံးဝ ဖယ်ရှားပေးမှာမဟုတ်ကြောင်း နဲ့ သူ့ကို နှင်ထုတ်ဖို့ ကြိုးပမ်းမှုတွေအားလုံးကိုလည်း တွန်းလှန်သွားမှာဖြစ်ကြောင်း၊ ဒီ သံတမန်နေအိမ်ဟာ မြန်မာပြည်သူတွေပိုင် ဖြစ်တဲ့အတွက် နောက်တစ်ချိန်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်စေလွှတ်လိုက်တဲ့ သံအမတ်ကြီးထံ လွှဲပြောင်းပေးနိုင်တဲ့အချိန်အထိ သူ ထိန်းသိမ်းထားမှာဖြစ်ကြောင်း ပြောပါတယ်။

သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းဟာ စစ်တပ်အာဏာသိ်မ်းပြီး လအနည်းငယ်အကြာမှာ အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့တောင်းဆိုခဲ့တာကြောင့် စစ်ကောင်စီက သူ့ရဲ့ ကိုယ်စားလှယ်နဲ့ အစားထိုး ခံခဲ့ရတာပါ။ စစ်ကောင်စီကိုယ်စားလှယ်တွေက ဦးကျော်စွာမင်း အပြင်သွားချိန် သံရုံးကို သော့ခတ်လိုက်ပြီး ဦးကျော်စွာမင်းကို သံရုံးထဲ ပေးမဝင်ခဲ့ပါဘူး။

MAP ရဲ့ ဒါရိုက်တာ Chris Gunness ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အဲဒီလန်ဒန်မြို့က မြန်မာသံအမတ်နေအိမ်မှာ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ဖို့ နဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုပြီး အဓိက သံတမန်ရေးရာ အရေးကြီးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org