နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့ မြန်မာနိုင်ငံသားတွေကိုကူညီဖို့ ကုလကို ဦးကျော်မိုးထွန်း တောင်းဆို

မြန်မာနိုင်ငံသားတွေကို အကူအညီပေးဖို့ UNHCR နဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အစည်းအဝေးတက်ရောက်နေသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်က တွေ့ရစဥ်။ Parmannet Mission of Myanmar to the United Nations

စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့က နယူးယောက်မြို့မှာကျင်းပတဲ့ (၇၉ ) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူမှုရေး၊ လူသားချင်းစာနာမှုနဲ့ ယဥ်ကျေးမှုဆိုင်ရာ တတိယကော်မတီ အစည်းအဝေးမှာ အိမ်နီးချင်းနိုင်ငံတွေမှာ ပိတ်မိနေတဲ့မြန်မာပြည်သူတွေအရေး ကူညီပေးဖို့ UNHCR ကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့တာပါ။

စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်တာအပါအဝင် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့‌ ရာဇဝတ်မှုတွေ အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေဆဲဖြစ်ပြီး မဆင်မခြင်တိုက်ခိုက်မှုတွေကြောင့် ဒုက္ခသည်အကျပ်အတည်း စိုးရိမ်စရာ ဖြစ်နေတာကို UNHCR က တင်သွင်းတဲ့ အစီရင်ခံစာက ဖော်ပြနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ မတရားဖမ်းဆီးချုပ်နှောင်မှု၊ အကြမ်းဖက်မှုတွေနဲ့ အတင်းအကျပ် တပ်သားစုဆောင်းမှုတွေကြောင့် ရိုဟင်ဂျာအပါအဝင် မြန်မာပြည်သူတွေဟာ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေကို ထွက်ပြေးခိုလှုံနေရပြီး ဒုက္ခသည်အများစုအနေနဲ့ တတိယနိုင်ငံတွေကို နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားနေရ‌ကြောင်းနဲ့ နိုင်ငံတကာအကာအကွယ်ရနိုင်ဖို့ UNHCR ရဲ့ ပြန်ကြားမှုတွေကို စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာပိတ်မိနေတဲ့ မြန်မာပြည်သူတွေရဲ့ လုံခြုံရေး၊ ကျန်းမာရေးနဲ့ ကလေးငယ်တွေကို အားပေးစကားနဲ့ အကူအညီပေးစေလိုကြောင်းနဲ့ ရိုဟင်ဂျာတွေအနေနဲ့ နေရပ်ကို ဘေးကင်းလုံခြုံပြီး သိက္ခာရှိစွာ ပြန်နိုင်ရေးအပါအဝင် ဒုက္ခသည်အရေးတွေကို ဖြေရှင်းပေးဖို့လည်း သံအမတ်ကြီးက တောင်းဆိုပါတယ်။

ပြစ်မှု ကျူးလွန်သူတွေကို တရားဥပဒေအရ တာဝန်ခံမှုရှိစေဖို့နဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေးဟာ အဓိက သော့ချက်ဖြစ်တယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက အစည်းအဝေးမှာ ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org