ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဘန်ကီးမွန်း တိုက်တွန်း
လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်ကို လွှတ်ပေးခဲ့တာကို ကြိုဆိုလိုက်ပြီး အကျဉ်းထောင်တွေထဲမှာ ကျန်နေဆဲဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ခန့်ကိုပါ အမြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက တောင်းဆိုလိုက်ပါတယ်။
-
2011-10-14 -
-
-
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသော ၁၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ပြင်ပတွင် အောက်တိုဘာ ၂၉ ရက်က ပြုလုပ်သည့် အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဝဲ) တက်ရောက်နေပုံ ဖြစ်ပါသည်။ မြန်မာ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်ကို နောက်တွင် မြင်ရပါသည်။ (Photo: AFP)
(Photo: AFP)
အကျဉ်းသား လွှတ်ပေးတာကို ကြိုဆိုကြောင်း၊ ဒါပေမယ့် ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် အနည်း ငယ်သာ ပါရှိကြောင်း၊ မြန်မာအစိုးရ အနေနဲ့ ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ နိုင်ငံရေးအကျဉ်းသား အားလုံး ကို အစောဆုံး ပြန်လွှတ်ပေးနိုင်ဖို့ လုပ်ငန်းစဉ်ဖြစ်ပါစေလို့ မျှော်လင့်ကြောင်း မစ္စတာဘန်ကီးမွန်းက မနေ့က ကြာသပတေးက ထုတ်ပြန်တဲ့ ကြေငြာချက်ကို ကိုးကားပြီး ကုလသမဂ္ဂသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ ပြောခွင့်ရသူ Mr. Martin Nesirky ကပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ အကြား ဆက်လက် ဆွေးနွေးနေတာ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းနေတာတွေနဲ့ ပတ်သက်လို့ အသိမှတ်ပြု ကြိုဆိုကြောင်း၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံ စည်းလုံးညီညွတ်ရေး၊ နောက်ကြောင်း မလှည့်နိုင်မယ့် နိုင်ငံရေး ပြောင်းလဲမှုဖြစ်ပေါ်လာရေးနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိတ်ခေါ်ချက် အခက်အခဲတွေ ဖြေရှင်းနိုင်ရေး အတွက် လက်ရှိ ဆောင်ရွက်ချက်တွေကို နှစ်ဆတိုး ဆောင်ရွက်စေလိုကြောင်းလည်း မစ္စတာဘန်ကီမွန်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။