ထွက်ပြေးသူတွေ ပြန်မလာနိုင်အောင် မြန်မာတပ် မီးရှို့ ဖျက်ဆီးတယ်လို့ ကုလ စွပ်စွဲ

မြန်မာလုံခြုံရေးတပ်သားတွေဟာ သန်းဝက်လောက်ရှိတဲ့ မွတ်ဆလင်တွေကို ထွက်ပြေးစေပြီးတော့ သူတို့ပြန်လာမှာစိုးတာကြောင့် အိမ်တွေ၊ ရွာတွေနဲ့ ကောက်ပဲသီးနှံတွေကို မီးရှို့ဖျက်ဆီးကြတယ် လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စွပ်စွဲဖော်ပြထားပါတယ်။

မီးလောင်ထားတဲ့ မောင်တောမြို့နယ်က ရွာတွေကို အောက်တိုဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/RFA

မြန်မာလုံခြုံရေးတပ်သားတွေဟာ သန်းဝက်လောက်ရှိတဲ့ မွတ်ဆလင်တွေကို ထွက်ပြေးစေပြီးတော့ သူတို့ပြန်လာမှာစိုးတာကြောင့် အိမ်တွေ၊ ရွာတွေနဲ့ ကောက်ပဲသီးနှံတွေကို မီးရှို့ဖျက်ဆီးကြတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စွပ်စွဲဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ်ထဲက ရဲစခန်းတွေကို မွတ်ဆလင်စစ်သွေးကြွတွေ မတိုက်ခိုက်ခင်ကာလတွေထဲက အဲဒီလိုနယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်သလို လူတွေကိုသတ်၊ ညှင်းပန်းနှိပ်စက်ပြီး ကလေးတွေကိုပါ မတရားပြုကျင့်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့လက ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာ ၆၅ ယောက်ကို တွေ့ဆုံမေးမြန်းပြီးတော့ အဲဒီအစီရင်ခံစာကို ထုတ်ပြန်တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး ဇိယက်အယ်လ်ဟူစိန်က အဲဒီစစ်ဆင်ရေး တွေကို ‘လူမျိုးတုံးသတ်ဖြတ်မှုရဲ့ ပြဌာန်းစာအုပ်’ လို့ သုံးနှုန်းသွားပြီး အဲဒါဟာ အရည်အတွက်များပြား လှတဲ့လူတွေကို အင်အားသုံးပြီး ပြန်လမ်းမရှိအောင်လုပ်တဲ့ပရိယာယ် ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ထည့်သွင်းပြောဆို သွားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိတွေဟာ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဆက်ဘဇားနယ်မြေထဲမှာ ရောက်နေတဲ့ ဒုက္ခသည်တွေ၊ မျက်မြင် သက်သေတွေကို မေးမြန်းပြီး အဲဒီ အစီရင်ခံစာကို ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးတပ်သားတွေဟာ လောင်ချာသေနတ်တွေနဲ့ပစ်ပြီး အိမ်တွေကိုမီးရှို့ခဲ့တယ်လို့ ဒုက္ခသည်တချို့က ထွက်ဆိုတယ်လို့လည်း အစီရင်ခံစာထဲမှာပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org