မြန်မာစစ်တပ် အင်အားသုံးနှိမ်နင်းမှု အထူးစိုးရိမ်ကြောင်း ကုလပြော

ချင်းပြည်နယ် ကန်ပက်လက်နဲ့ ဟားခါးမြို့နယ်၊ စစ်ကိုင်းတိုင်းထဲက ကနီနဲ့ မုံရွာမြို့နယ်၊ မကွေးတိုင်းထဲက ဂန့်ဂေါမြို့နယ်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာစစ်တပ်က လက်နက်အမြောက်အမြားနဲ့ စစ်အင်အားအများအပြား တပ်ဖြန့်ချထားတယ်ဆိုတဲ့ သတင်းတွေကြောင့် အထူးပဲစိုးရိမ်နေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး ပြောခွင့်ရပုဂ္ဂိုလ် Ravina Shamdasani က ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။

၂ဝ၂၁ ခုနှစ် မေလက ရန်ကုန်မြို့တွင်းမှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဖြိုခွင်းရန် ချီတက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

ချင်းပြည်နယ် ကန်ပက်လက်နဲ့ ဟားခါးမြို့နယ်၊ စစ်ကိုင်းတိုင်းထဲက ကနီနဲ့ မုံရွာမြို့နယ်၊ မကွေးတိုင်းထဲက ဂန့်ဂေါမြို့နယ်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာစစ်တပ်က လက်နက်အမြောက်အမြားနဲ့ စစ်အင်အားအများအပြား တပ်ဖြန့်ချထားတယ်ဆိုတဲ့ သတင်းတွေ၊ ဒီဒေသတွေအတွက် အဆင့်မြင့် စစ်ဦးစီးအရာရှိနှစ်ဦး တာဝန်ပေးထားတဲ့သတင်းတွေနဲ့ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ သတင်းတွေကြောင့် အထူးပဲစိုးရိမ်နေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရပုဂ္ဂိုလ် Ravina Shamdasani က ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။

ဒီဒေသတွေမှာ ပြီးခဲ့တဲ့လတုန်းက မြန်မာစစ်တပ်က ရွာတွေထဲကို ဝင်စီးနင်းတာ၊ အိမ်တွေကို မီးရှို့ တာနဲ့ လူတွေကို သတ်ဖြတ်တာအပါအဝင် တိုက်ခိုက်မှုတွေ အရှိန်မြင့်လုပ်ဆောင်တဲ့ အထောက်အထားတွေကို ကုလသမဂ္ဂက ရရှိထားတဲ့အကြောင်း၊ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးမှာ ရွာတွေကို လေကြောင်းက တိုက်ခိုက်ခဲ့တာတွေ၊ လူအမြောက်အမြားကို ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ အကျဉ်းချုံး တရားစီရင်တာတွေလုပ်ခဲ့တဲ့ သတင်းတွေလည်း ရရှိထားတဲ့အကြောင်း၊ အင်တာနက်ကိုလည်း ဖြတ်တောက်ထားလို့ သန်းနဲ့ ချီတဲ့ ဒေသခံပြည်သူတွေ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးမရဘဲ ဖြစ်နေတဲ့ အကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်မဲ့ပြည်သူတွေကို အင်အား သုံးနှိမ်နင်းမှုတွေ စစ်တပ်က ပုံစံချလုပ်ကိုင်နေတာကို ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရုံးက သိရှိထားပြီး ဖြစ်ကြောင်း၊ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်ပြီး မကျူးလွန်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက တညီတညွတ်တည်း ထုတ်ဖော်ပြောဆိုကြဖို့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်ကို သြဇာညောင်းတဲ့ နိုင်ငံတွေကလည်း အခြေအနေတွေ သက်သာလာအောင် စစ်တပ်ကို ပြောဆိုဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာတဲ့အကူအညီ လိုအပ်နေသူတွေ ရနိုင်အောင်ခွင့်ပြုဖို့ မဖြစ်မနေ တိုက်တွန်းရလိမ့်မယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရပုဂ္ဂိုလ် Ravina Shamdasani ရဲ့ ဒီကနေ့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org