မြန်မာစစ်ခေါင်းဆောင်တွေ အာဏာမြဲအောင် ကြိုးစားနေကြောင်း ကုလအထူးကိုယ်စားလှယ်ပြော

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး သူ့အာဏာတည်မြဲအောင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပုံရပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီလည်း မကြာခင်မှာ ဖျက်သိမ်းခံရနိုင်တာကို စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာက ပြောလိုက်ပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မစ္စ ခရစ္စတင်း ဘာဂနာက သတင်းထောက်တွေကို အခုလို ပြောခဲ့တာပါ။ နိုင်ငံတကာက အာဏာသိမ်းစစ်ကောင်စီအပေါ် အရေးယူဆောင်ရွက်တာ မရှိတဲ့အတွက် စစ်ကောင်စီဘက်က တရားဝင်အစိုးရအဖြစ် ပုံဖော်နိုင်အောင် အားထုတ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂအနေနဲ့ အစိုးရတွေကို အသိအမှတ်ပြုပေးရတာ မဟုတ်တဲ့အတွက် တရားဝင်အစိုးရအဖြစ် သတ်မှတ်ပေးဖို့ဆိုတာ အဖွဲ့ဝင်နိုင်ငံတွေအပေါ် မူတည်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်ချက် တစ်စုံတရာ မချမချင်း ဦးကျော်မိုးထွန်း သာလျှင် မြန်မာနိုင်ငံရဲ့ တရားဝင် ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမှာဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကသာ နိုင်ငံ့ခေါင်းဆောင်တွေအဖြစ် ဆက်ရှိနေမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မကြာသေးခင်က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ကြံစည်တဲ့ ဖြစ်စဉ်ကို ကြားသိရလို့ အံ့အားသင့်မိကြောင်းနဲ့ တာဝန်ရှိသူတွေအနေနဲ့ ဒီတိုက်ခိုက်မှုနောက်ကွယ်က ကြိုးကိုင်သူ ဘယ်သူဆိုတာကို စုံစမ်းဖော်ထုတ်ပေးဖို့လည်း မစ္စ ခရစ္စတင်း ဘာဂနာက တိုက်တွန်းလိုက်ပါတယ်။
မြန်မာ့အရေးအတွက် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခု ဖွဲ့စည်းပေးဖို့ မစ္စ ခရစ္စတင်း ဘာဂနာက တောင်းဆိုထားပြီး အဲ့ဒီအဖွဲ့ထဲမှာ ကုလသမဂ္ဂ၊ အီးယူနဲ့ အာဆီယံ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ နော်ဝေနဲ့ ဆွစ်ဇာလန်နိုင်ငံတွေကို ထည့်သွင်းဖွဲ့စည်းပေးဖို့လည်း အဆိုပြုထားပါတယ်။
မကြာသေးခင်ကပဲ မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် ခန့်အပ်လိုက်တာကြောင့် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခု ဖြစ်မြောက်လာဖို့ မျှော်လင့်ကြောင်း၊ ဒီလိုသာ မဆွေးနွေးနိုင်ခဲ့ရင် မြန်မာနိုင်ငံ အခြေအနေဟာ ပြည်တွင်းစစ်ကို ဦးတည်သွားတော့မှာ ဖြစ်ကြောင်းလည်း သတိပေးပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိတော့တာကြောင့် သတင်းမီဒီယာတွေ တိုက်ခိုက်ခံနေရတဲ့အပေါ် အလွန်တရာ စိုးရိမ်မိတယ်လို့လည်း မစ္စဘာဂနာက ဆိုပါတယ်။ စစ်ကောင်စီနဲ့ ဆွေးနွေးတဲ့အခါမှာလည်း နိုင်ငံရေးအကျဉ်းသားတွေနဲ့ သတင်းမီဒီယာသမားတွေကို လွှတ်ပေးဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ဖြိုခွင်းဖမ်းဆီးနေပြီး လက်ရှိအချိန်အထိ စစ်ကောင်စီကြောင့် သေဆုံးသူ ၉၆ဝ ကျော် ရှိနေကြောင်း၊ အသက်မပြည့်သေးသူ ၁ဝဝ ကျော်နဲ့ နိုင်ငံခြားသားတွေ အပါအဝင် ဖမ်းဆီးခံထားရသူပေါင်း ထောင်ချီရှိနေကြောင်းလည်း ထည့်သွင်းပြောခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာဟာ မြန်မာ့အရေး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ စစ်ကောင်စီနဲ့ ဆက်လက်ဆွေးနွေးနေတာဖြစ်ပြီး လက်ရှိအချိန် အထိတော့ မြန်မာနိုင်ငံကို လာရောက်ခွင့် မရသေးပါဘူး။