တပ်မတော်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ဖို့ ကုလတိုက်တွန်း

မြန်မာနိုင်ငံမှာ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုတွေအတွက် တာဝန်ရှိတဲ့ စစ်တပ် ထိပ်တန်းခေါင်းဆောင် တွေကို အရေးယူပြီး၊ တပ်မတော်ကို နိုင်ငံရေးသြဇာရှိတဲ့ နေရာကနေ ဖယ်ရှားဖို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ဝင် ရာဒိက ကုမ္မာရဆွာမိ၊ မာဇုကီဒါရုစ်မန်နှင့် ခရစ္စတိုဖာဆီဒိုတီတို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံးတွင် ၂ဝ၁၈ စက်တင်ဘာလ ၁၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ Photo: Reuters

မြန်မာနိုင်ငံမှာ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုတွေအတွက် တာဝန်ရှိတဲ့ စစ်တပ် ထိပ်တန်းခေါင်းဆောင် တွေကို အရေးယူပြီး၊ တပ်မတော်ကို နိုင်ငံရေးသြဇာရှိတဲ့ နေရာကနေ ဖယ်ရှားဖို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်က ဒီနေ့ ပြောလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒီနေ့ကျင်းပတဲ့ ၃၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် ညီလာခံမှာလည်း နိုင်ငံတကာ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်၊ သြစတြေးလျနိုင်ငံသား Dominic Sidoti က…

လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေကို အခြေခံပြီး ဒီမိုကရေစီကို မတည်ဆောက်နိုင်ပါဘူး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီမရှိရင် ဖွံ့ဖြိုးရေး မဖြစ်နိုင်ဘူးဆိုတာကို မြန်မာအနေနဲ့ သဘောပေါက်ပြီး ဖြစ်ပါတယ်၊ ဒီနှစ်ခုစလုံး ယိုယွင်းနေတာဟာ မြန်မာ့တပ်မတော်ကြောင့် ဖြစ်တယ်

… လို့ ပြောဆိုသွားပါတယ်။

အာဏာရ နိုင်ငံရေးပါတီဖြစ်တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကို ဆက်သွယ်ရာမှာ တရုတ်ပြည်ခရီးစဉ် သွားနေတဲ့အတွက် ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းတဲ့အခါ  ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

အထွေအထူးပြောစရာ ဘာမှမရှိဘူးဗျ၊ အချက်တစ်ချက်ပဲ ရှိတယ်၊ တပ်မတော်ဟာ အစိုးရလက်အောက်မှာ ရှိသင့်တယ်ဆိုတာ.. ကျနော်တို့ လိုချင်တာ ဒါပဲလေ။ ဒီဟာအတွက် ကျနော်တို့ အခုလို ဒီမိုကရေစီတိုက်ပွဲကို ဝင်ကြရတာလေ။ အခုလက်ရှိ ဖြစ်နေတာက တပ်မတော်က သီးခြားဖြစ်ပြီးတော့ ရာခိုင်နှုန်းနဲ့ ဝင်နေတာ၊ ဒါ ကျနော်တို့သဘောမှ မဟုတ်ပဲ၊ အရင်အစိုးရက လုပ်ဆောင်သွားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဖြစ်ရတာလေ။ အဲဒီတော့ တပ်မတော်က အစိုးရလက်အောက်မှာ ရှိတယ်ဆိုရင် ကျနော်တို့ ကျေနပ်တာပေါ့ဗျာ

အခုလို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ တိုက်တွန်းချက်တွေ၊ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ သဘောထားကို သိရဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်း လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံတကာ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ရိုဟင်ဂျာတွေကိုရော၊ တရုတ်၊ ထိုင်းနဲ့ မလေးရှားရောက် တိုင်းရင်းသားတွေကိုပါ လိုက်လံတွေ့ဆုံပြီး ဘက်ပေါင်းစုံက စုံစမ်းပြီးမှ အခုအစီရင်ခံစာကို ထုတ်ပြန်လိုက်တာလို့ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့က ပြောပါတယ်။

စက်တင်ဘာလ ၁၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ စာမျက်နှာ ၄၄၄ မျက်နှာပါတဲ့ အဲဒီအစီရင်ခံစာမှာ ကချင်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းတွေ့ရှိချက်တွေကို အသေးစိတ် အချက်အလက်တွေနဲ့အတူ ဖော်ပြထားပါတယ်။

မြန်မာအစိုးရနဲ့ တပ်မတော်ကတော့... ရိုဟင်ဂျာတွေ ထွက်ပြေးသွားတဲ့ဖြစ်ရပ်ဟာ အာဆာ အကြမ်းဖက်အဖွဲ့ကို ရှင်းလင်းဖယ်ရှားတာသာ ဖြစ်ပြီး နိုင်ငံတကာက စွပ်စွဲနေသလို လူမျိုးတုံးသုတ်သင်တာတွေကို တပ်မတော်အနေနဲ့ မကျူးလွန်ဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org