မြန်မာ့ အပြောင်းအလဲ ကုလ ဆက်ကူမည်
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကို ပြောကြားခဲ့ပါတယ်။
-
2015-11-18 -
-
-
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မစ္စတာ ဘန်ကီမွန်းက ပြီးခဲ့တဲ့ အင်္ဂါနေ့က တယ်လီဖုန်းကတဆင့် ချီးကျူးဂုဏ်ပြုရင်း ထည့်သွင်းပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးလည်မသုန် မဆုတ်မနစ် ဇွဲမာန်သတ္တိနဲ့ ရုန်းကန်ရင်ဆိုင်လာခဲ့တာတွေရဲ့ အကျိုးအဖြစ် အသီးအပွင့်ကို အခုအခါ မြင်တွေ့ရပြီ ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံမှာ လူမျိုးဘာသာပေါင်းစုံ ပါဝင်ပြီး၊ အတူလက်တွဲ ဆောင်ရွက်နိုင်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်း လာနိုင်ရေးအတွက် အခုရွေးကောက်ပွဲက အဆုံးအဖြတ် ပြုလိုက်ပြီဖြစ်ကြောင်း၊ ဒါကြောင့် တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အပါအဝင် အားလုံးတွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်ကြ ဖို့ အရေးကြီးကြောင်း၊ ရွေးကောက်ပွဲအတွင်း ငြိမ်းငြိမ်းချမ်းချမ်း မဲပေးကြဖို့၊ ရွေးကောက်ပွဲရလဒ်ကို တည်တည် ငြိမ်ငြိမ်လက်ခံကြဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာဟာ နိုင်ငံ့ခေါင်းဆောင်ကောင်း ပီသကြောင်းကို ပြသ လိုက်ရာရောက်ကြောင်း၊ ဘန်ကီမွန်းက အလေးထား ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံ ရှေ့ဆက်ရမယ့် အသွင်ကူးပြောင်းရေး ခရီးမှာ ကြုံတွေ့ရမယ့် ပြဿနာတွေ၊ စိန်ခေါ်မှုတွေအတွက် ကုလသမဂ္ဂက ဆက်လက် ကူညီပံ့ပိုးပေးသွားမယ်လို့လည်း ပြောဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ မြန်မာ့ သမိုင်းဝင် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ထူးခြားတဲ့အောင်မြင်မှုဖြစ်ကြောင်း၊ ဒီအတွက် ပြုပြင်ပြောင်းလဲမှုတွေကို သတ္တိရှိရှိ ဦးစီးဆောင်ရွက်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ကြိုးပမ်းမှုတွေကိုလည်း အသိအမှတ်ပြုကြောင်း ဖေါ်ပြခဲ့ပါတယ်။
အလားတူ မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ NLD အနိုင်ရခဲ့တဲ့အပေါ် အမေရိကန် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် လူများစုခေါင်းဆောင် Mitch McConnell ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးဂုဏ်ပြုလိုက်ပြီး၊ ရွေးကောက်ပွဲရလဒ်ကို လက်ခံခဲ့တဲ့ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကိုလည်း ချီးကျူးလိုက်ပါတယ်။
Mitch McConnell ဟာ မြန်မာ့ ဒီမိုကရေစီရေးကို အားပေးထောက်ခံ ဆောင်ရွက်ခဲ့သူဖြစ်ပြီး၊ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။