UN အဖွဲ့တွေ ဒုတိယအကြိမ် ကွင်းဆင်းလေ့လာမှု စတင်

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံးနဲ့ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်တို့ရဲ့ ဒုတိယအကြိမ် ကွင်းဆင်းလေ့လာမှု ကို မနေ့က စတင်နေပြီဖြစ်တယ်လို့ ဒေသအုပ်ချုပ်ရေးအရာရှိတွေက ပြောပါတယ်။

မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တချို့ကို မောင်တောမြို့နယ် လှဖိုးခေါင် ဒုက္ခသည်ပြန်လည်လက်ခံရေးစခန်းအနီးမှာ ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ် Photo: Phyo Hein Kyaw / AFP

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံးနဲ့ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်တို့ရဲ့ ဒုတိယအကြိမ် ကွင်းဆင်းလေ့လာမှုကို မနေ့က စတင်နေပြီဖြစ်တယ်လို့ ဒေသအုပ်ချုပ်ရေးအရာရှိတွေက ပြောပါတယ်။

ဒီကွင်းဆင်းလေ့လာမှုဟာ အနည်းဆုံး ၇ ရက်ကနေ ၁၀ ရက်လောက်အထိ ကြာနိုင်တယ်လို့ မောင်တော ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောပါတယ်။

"လေ့လာမှု စစ်တမ်းကတော့ဟုတ်တယ်။ သူတို့မနေ့က စတယ်။ မနေ့က စတော့ ဘူးသီးတောင်၊ မောင်တောကို သူတို့ ဆင်းလာတယ်။ အနည်းဆုံးတော့ သူတို့ တစ်ပတ် ဆယ်ရက်တော့ကြာမှာပါ။ တစ်ကြိမ်ဆင်းရင် အဲလောက်တော့ ကြာတယ်။ သူတို့ဆင်းမယ်ဆိုရင်တော့ စာရင်းလေးတွေတော့ ပေးထားပါတယ်"

ဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုဘဝအခြေအနေတွေနဲ့ ပတ်သက်ပြီး UNHCR နဲ့ UNDP အရာရှိတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ကျေးရွာအုပ်စု သုံးခု မှာရှိတဲ့ ကျေးရွာပေါင်း ၂၃ ရွာကို ပထမဆုံးအကြိမ် ကွင်းဆင်းလေ့လာခဲ့ကြတာပါ။

UNHCR နဲ့ UNDP အဖွဲ့တွေက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာရှိတဲ့ ကျေးရွာအုပ်စုပေါင်း ၃၁ စုထဲက ကျေးရွာပေါင်း ၁၁၃ ရွာကို လေ့လာဖို့ ကနဦး အဆိုပြုထားသလို မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် တွေက နောက်ထပ်ကျေးရွာအုပ်စု ၁၂ ခုနဲ့ ကျေးရွာပေါင်း ၂၆ ရွာကို ထပ်မံအဆိုပြုထားတယ်လို့လည်း သိရပါတယ်။

မနေ့ကစတင်တဲ့ ဒုတိယအကြိမ် ကွင်းဆင်းလေ့လာမှုမှာ အဆိုပြုထားတဲ့ကျေးရွာတွေထဲက ကျေးရွာ ဘယ်နှစ်ရွာကို လေ့လာမှုတွေ ပြုလုပ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ကွင်းဆင်းလေ့လာမှုတွေနဲ့ ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးမှာ မနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ ရခိုင်ပြည်မြောက်ပိုင်းက ဒေသခံအသိုင်းအဝိုင်းတွေဟာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုမရှိဘဲ ကြောက်ရွံ့ထိတ်လန့်နေကြတာကြောင့် အတူတကွ အေးအေးချမ်းချမ်း နေထိုင်နိုင်ရေးအတွက် နှောင့်နှေးနေရတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org