ကလေးစစ်သား စုဆောင်းနေသူတွေကို အရေးယူဖို့ ကုလတိုက်တွန်း

အသက် ၁၈နှစ်အောက် ကလေးငယ်တွေ ကို စစ်သားအဖြစ် စုဆောင်းသူတွေကို အပြစ်ပေးအရေးယူဆောင်ရွက်ဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Leila Zerrougui ကပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Leila Zerrougui ရန်ကုန်မြို့၊ အင်းလျားမြိုင်လမ်းက UNICEF Myanmar ရုံးခန်းမှာ ဇူလိုင်လ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းစဉ် Photo: Aung Thain Kha/RFA

အသက် ၁၈နှစ်အောက် ကလေးငယ်တွေကို စစ်သားအဖြစ် စုဆောင်းသူတွေကို အပြစ်ပေးအရေးယူဆောင်ရွက်ဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Leila Zerrougui ကပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့၊ အင်းလျားမြိုင်လမ်းက UNICEF Myanmar ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အထူးကိုယ်စားလှယ် Leila Zerrougui က ပြောခဲ့တာပါ။

"အသက်၁၈နှစ်အောက် ကလေးငယ်တွေကို စစ်သားအဖြစ် မစုဆောင်းဘူးဆိုတာ အခုဆိုရင် တပ်မတော်ထဲမှာ တာဝန်ရှိသူအားလုံး သိထားပြီးသားဖြစ်ပါတယ်။ တပ်မတော်ထဲမှာ ကလေးစစ်သား အရေအတွက်ဟာ တစ်နှစ် ထက်တစ်နှစ် နည်းလာတယ်ဆိုတာ သိရှိရပါတယ်။ ကလေးစစ်သား နှစ်ယောက် သုံးယောက်ရှိနေတယ် ဆိုရင်တောင် အရေးယူဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ အဲဒီလို လုပ်ဆောင်ဖို့ဆိုရာမှာ အသက် ၁၈နှစ်အောက် ကလေးငယ်တွေကို စစ်သားအဖြစ် စုဆောင်းမှုကို ရာဇဝတ်မှုလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို သတ်မှတ်မှုဟာ တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံးအပေါ် သက်ရောက်မှုရှိရမှာ ဖြစ်ပါတယ်"

ကလေးစစ်သားတွေနဲ့ ပတ်သက်တဲ့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ ပူးတွဲလုပ်ငန်းဆောင်ရွက်ရေး စီမံချက်ကို အစိုးရက အပြည့်အ၀ အကောင်အထည်ဖော်ဖို့နဲ့ အသက် ၁၈နှစ်အောက် ကလေးငယ်တွေကို စစ်သားအဖြစ် စုဆောင်းတာတွေ ရပ်တန့်ပေးဖို့၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တောင်းဆိုကြောင်းလည်း သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။

ဒီကေဘီအေ၊ KIA ကချင်လွတ်လပ်ရေးအဖွဲ့၊ KNLA ကရင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ ငြိမ်းချမ်းရေးကောင်စီ၊ ကရင်နီတပ်ဖွဲ့ ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ စတဲ့အဖွဲ့ ၇ ဖွဲ့ဟာ ကလေးစစ်သားတွေကို စုဆောင်းအသုံးပြုနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ စာရင်းထဲမှာ ထည့်သွင်းသတ်မှတ်ခံထားပါတယ်။

အဲဒီအဖွဲ့တွေမှာ ကလေးစစ်သား အသုံးပြုတာတွေရှိပေမယ့် အရေအတွက်ကိုတော့ မခန့်မှန်းနိုင်သေးဘူး လို့လည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်က ၂၀၁၂ ခုနှစ်ကစပြီး အသက် ၁၈နှစ်အောက် အရွယ်မရောက်သေးတဲ့ ကလေးစစ်သား ခြောက်ရာကျော်ကို မိဘတွေထံ ပြန်အပ်နှံလိုက်တာကိုလည်း သိခဲ့ရကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ကလေးစစ်သားစုဆောင်းမှု ပပျောက်ရေးလှုပ်ရှားမှုလုပ်တဲ့ တကမ္ဘာလုံးက နိုင်ငံပေါင်း ၇ နိုင်ငံစာရင်းမှာ ပါဝင်နေသေးတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org