ပဇီကြီးရွာတိုက်ခိုက်ခံရမှု တရုတ်နဲ့ ရုရှားကြောင့် ကုလလုံခြုံရေးကောင်စီ ရှုတ်ချဖို့ပျက်ကွက်

ပဇီကြီးရွာတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီမှာ မနေ့က တံခါးပိတ်ဆွေးနွေးခဲ့ကြပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေကြား သဘောတူညီမှုမရလို့ ဆုံးဖြတ်ချက်မချနိုင်ခဲ့ပါဘူး။

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး တက်ရောက်လာသည့် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် Zhang Jun။ AFP

ပဇီကြီးရွာတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ရှုတ်ချဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့က တံခါးပိတ်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံတချို့က ကန့်ကွက်ခဲ့တာကြောင့် လုံခြုံရေးကောင်စီကနေ ရှုတ်ချတဲ့ ဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့ဘူးလို့ ဗြိတိန် နိုင်ငံဆိုင်ရာ သံအမတ်ကြီး Barbara Woodward က မနေ့က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

"ပဇီကြီးရွာတိုက်ခိုက်ခံရမှုမှာ လောလောဆယ်စာရင်းရတဲ့အထိဆိုရင် လူပေါင်း ၁၆၈ ယောက်သေဆုံးခဲ့ရပါတယ်။ အဲဒီထဲမှာ ကလေး ၃၈ ယောက် ပါပါတယ်။ နောက်ထပ် သေဆုံးတဲ့သူတွေလည်း ရှိနေပါသေးတယ်။ မြန်မာစစ်တပ်က ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မငြင်းပါဘူး။ သူတို့လုပ်ခဲ့တယ်ဆိုတာ ဝန်ခံထားပါတယ်။ ကျွန်မတို့ ယူကေနိုင်ငံအနေနဲ့ အရပ်သားပြည်သူတွေ၊ ကလေးတွေကို တိုက်ခိုက်ခဲ့တဲ့ ဒီလုပ်ရပ်ကို ရှုတ်ချပါတယ်။ ဒါဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ရာလည်း ရောက်ပါတယ်။ လုံခြုံရေး ကောင်စီအနေနဲ့ ဒီကိစ္စကို ရှုတ်ချရမယ်လို့ ကျွန်မတို့ ယူကေနိုင်ငံက ယုံကြည်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ရေး တောင်းဆိုဖို့လည်းလိုပါတယ်။ ဒါပေမဲ့ ဒီနေ့ ရှုတ်ချဖို့ ဆုံးဖြတ်ချက်မချနိုင်ပါဘူး။ ဒီလိုမချနိုင်တဲ့အပေါ် ကျွန်မတို့ တော်တော်စိုးရိမ်ပါတယ်။ ဗြိတိန်နိုင်ငံကတော့ စစ်အာဏာသိမ်းခေါင်းဆောင်တွေ တာဝန်ခံမှုရှိလာအောင် လုပ်နိုင်တာ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေနဲ့အတူပဲ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်။ "

လုံခြုံရေးကောင်စီထဲမှာ ဗီတိုအာဏာသုံးခွင့်ရထားတဲ့ အင်အားကြီးနိုင်ငံတွေလည်းဖြစ်၊ စစ်ကောင်စီနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ရုရှားနိုင်ငံက ကန့်ကွက်လို့ ဒီနေ့ရှုတ်ချတဲ့ ဆုံးဖြတ်ချမချမှတ်နိုင်ခဲ့တာလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးကတော့ ဘာကြောင့်ဆုံးဖြတ်ချက်မချနိုင်ခဲ့လဲဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့တာ မရှိပါဘူး။

"ကျွန်မတို့ တစ်စုတစ်စည်းတည်း တစ်သံတည်း ထွက်တာတော့ မဖြစ်သေးပါဘူး။ အဲဒီလိုဖြစ်လာဖို့ ကျွန်မတို့ ကြိုးစားနေရဆဲပါ။ လုံခြုံရေးကောင်စီထဲမှာပါတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့သဘောထားနဲ့ စိုးရိမ်ချက်တွေ ဘယ်လိုရှိလဲဆိုတာ ကျွန်မထုတ်ဖော်မပြောနိုင်ပါဘူး"

ပဇီကြီးရွာ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ ကုလလုံခြုံရေးကောင်စီတွင်းဆွေးနွေးဖို့ ဗြိတိန်နိုင်ငံကနေ အရေးပေါ်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကုလလုံခြုံရေးကောင်စီမှာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကောင်းတဲ့ ရှရှားက အခုလအတွက် အလှည့်ကျဥက္ကဋ္ဌတာဝန် ယူထားပါတယ်။

ပဇီကြီးရွာတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အချက်အလက်တွေနဲ့ ကွဲလွဲနေတာကြောင့် အခုဆုံးဖြတ်ဖို့ မသင့်သေးဘူးလို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားဒုသံအမတ်က ပြောဆိုခဲ့တဲ့အကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

၂ဝ၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲတက်ရောက်လာသည့် ဗြိတိန် နိုင်ငံဆိုင်ရာ သံအမတ်ကြီး Barbara Woodward နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း။ (Photo: UN Web TV)

ကုလဆိုင်ရာ တရုတ်သံတမန်တစ်ဦးကလည်း ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်မှုကို ရှောင်ရှားသင့်တယ်လို့ လုံခြုံရေးကောင်စီမှာ ပြောခဲ့တဲ့အကြောင်း အဲဒီသတင်းမှာ ဖော်ပြပါတယ်။

လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်မချနိုင်တာနဲ့ ပတ်သက်လို့ နာကျင်ခံစားရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

"မြန်မာပြည်သူတွေကတော့ တကယ့်ကိုနာကျင်ခံစားရတာ အမှန်ပါပဲ။ မြန်မာပြည်သူတွေဟာ နိုင်ငံတကာကနေ အရေးယူ ဆောင်ရွက်တာတွေကို မြင်ချင်နေကြတာပါ။ လုံခြုံရေးကောင်စီဟာ မြန်မာ့အရေးဆုံးဖြတ်ချက်တစ်ခုကိုလည်း ချမှတ်ထားပြီးပြီ ဖြစ်တာကြောင့် အထူးသဖြင့် လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်တာတွေကို မြင်ချင်ကြတာပါ။ မြန်မာစစ်တပ်က ကိုယ့်ပြည်သူလူထုတွေကို သတ်ဖြတ်နေတာကို ကြည့်ပါ။ အရမ်းရှင်းပါတယ်။ ဒါဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်တွေပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေပါ။ တကယ်တော့ စစ်တပ်ဆိုတာ ပြည်သူလူထုကို ကာကွယ်ပေးရမှာပါ။ ဒါပေမဲ့ သူတို့ကတော့ ကိုယ့်ပြည်သူတွေကို ကိုယ်သတ်နေတာပါ။ အရမ်းကိုဝမ်းနည်းကြေကွဲစရာကောင်းပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူလူထုတွေဟာ ကူညီမယ့်သူမရှိ၊ အကူအညီမဲ့နေပါတယ်။ နိုင်ငံတကာကနေ အကူအညီတွေ ကျွန်တော်တို့လိုပါတယ်။ မြန်မာပြည်သူလူထုတွေရဲ့ အသက်တွေကိုကယ်ဖို့ နိုင်ငံတကာက ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပူးပေါင်းလုပ်ဖို့ ကျွန်တော်တို့ တောင်းဆိုနေတာပါ။"

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ချမှတ်ခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ထဲမှာ စစ်ကောင်စီအနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေ ရပ်ဆိုင်းဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးခွင့်ပြုဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေတယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထောက်ပြ‌နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org