စစ်တပ်အာဏာသိမ်းထားသရွေ့ မြန်မာပြည်မငြိမ်းချမ်းဘူးလို့ ကုလမှာ ဦးကျော်မိုးထွန်းပြော
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ သုံးဆယ်ရာခိုင်နှုန်းလောက် မြင့်တက်သွားပြီး၊ နိုင်ငံလူဦးရေ တဝက်လောက်ဟာ ဆင်းရဲနွမ်းပါးမှုအောက်ရောက်သွားတယ်လို့ ဦးကျော်မိုးထွန်းက ကုလရဲ့ စာရင်းတွေကိုကိုးကား တင်ပြခဲ့ပါတယ်။
- 2022-05-20
-
-
-
စစ်တပ်က အာဏာသိမ်းထားသရွေ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရှိမှာမဟုတ်ဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
မေလ ၁၉ ရက် မနေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ လုံခြုံရေးကောင်စီရဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ ပဋိပက္ခနဲ့ စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ ပြောခဲ့တာပါ။ ဒီအစည်းအဝေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က သဘာပတိအဖြစ် လုပ်ခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ “ဖြတ်-လေး-ဖြတ် မဟာဗျူဟာ”ကို ကျင့်သုံးနေပြီး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးလို့မရအောင် ပိတ်ဆို့ထားတယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ သုံးဆယ်ရာခိုင်နှုန်းလောက် မြင့်တက်သွားပြီး၊ နိုင်ငံလူဦးရေ တဝက်လောက်ဟာ ဆင်းရဲနွမ်းပါးမှုအောက်ရောက်သွားတယ်လို့ ဦးကျော်မိုးထွန်းက ကုလရဲ့ စာရင်းတွေကိုကိုးကား တင်ပြခဲ့ပါတယ်။
မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပါအဝင် ကမ္ဘာ့တဝန်း ပဋိပက္ခတွေနဲ့ စားနပ်ရိက္ခာမလုံလောက်မှုတွေ အဆုံးသတ်ရေး အားလုံးပူးပေါင်းဆောင်ရွက်သွားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။