မြန်မာ့အရေး ထိထိရောက်ရောက်လုပ်နိုင်ဖို့ ညွန့်ပေါင်းအဖွဲ့ ဖွဲ့ဖို့ တိုက်တွန်း
2021.07.08
မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံတွေ စုပေါင်းပြီး၊ ထိရောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ Emergency Coalition for the People Of Myanmar လို့ခေါ်တဲ့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဇူလိုင်လ ၇ ရက်နေ့က ဂျီနီဗာမှာ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ တိုက်တွန်းလိုက်ပါတယ်။
ဇူလိုင်လ ၇ရက်နေ့က ဂျီနီဗာမြို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ပြုလုပ်တဲ့ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူးက အမှာစကား ပြောကြားရာမှာ ခုဆိုရင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်ခံရသူ ၉၀၀ကျော်၊ နေရပ်စွန့်ခွာ ထွက်ပြေးရသူ သိန်းဂဏန်းလောက်ထိ ရှိနေပြီး၊ အပြစ်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားသူ ၆၀၀၀ လောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားသူ အရေအတွက် အမြောက်အမြား ရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့တွေဟာ ကျေးလက်ဒေသတွေမှာ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးနေရတဲ့သူတွေကို အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ မရရှိအောင် ဖြတ်တောက်ထားတာတွေ လုပ်နေတဲ့အပြင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကလည်း အရှိန်အဟုန်နဲ့ ပျံ့နှံ့နေပြီး စစ်ဆေးသူ လေးဦးမှာ တစ်ဦးမှာ ရောဂါပိုး တွေ့တဲ့အဆင့်အထိ ရောက်နေပြီလို့ မစ္စတာ တွမ်အင်ဒရူးက ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ တိုးမြင့်လာနေပြီး၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လုပ်အားပေးသူတွေကို စစ်အစိုးရတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် စိုးရိမ်ပူပန်ကြောင်းကိုလည်း မစ္စတာ အင်ဒရူးက ပြောသွားပါတယ်။
“အာဏာသိမ်းမှု မတိုင်ခင်က မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို ဖြည်းဖြည်းမှန်မှန်နဲ့ လုပ်နေခဲ့ပါတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ဆီက ရန်ပုံငွေ ဒေါ်လာ သန်း ၃၅၀ ရထားခဲ့ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ အစောဆုံး လက်ခံရရှိခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဧပြီလမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကာကွယ်ဆေးထိုးနှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ ခုတော့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ဒီ အစီအစဉ်တွေ အားလုံး ကစဉ့်ကလျား ဖြစ်ကုန်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဆိုရင် အနည်းဆုံး ကျန်းမာရေးဝန်ထမ်းနဲ့ ဆေးရုံဆေးခန်း ၂၄၀ လောက် အထိဟာ စစ်အစိုးရတပ်ဖွဲ့တွေက တိုက်ခိုက်ခံခဲ့ရပါတယ်။ လုပ်အားပေးသူတွေဟာ မကျန်းမာသူတွေကို ပြုစုကုသဖို့ ယာယီတဲတွေ တည်ဆောက်ပြီးတာနဲ့ စစ်အစိုးရတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ခံရပါတယ်။ ဒါတွေဟာ တကယ်ပဲ နိမ့်ကျတဲ့ လုပ်ရပ်တွေပါ”

ဒါကြောင့်လည်း မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ကမ္ဘာ့နိုင်ငံတွေအားလုံး တညီတညွတ်တည်း ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက် Emergency Coalition for the People of Myanmar လို့ ခေါ်တဲ့ မြန်မာ့အရေး ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းဖို့ မစ္စတာ တွမ် အင်ဒရူးက တိုက်တွန်းလိုက်ပါတယ်။
“မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ လိုနေတဲ့ Myanmar Humanitarian Fund ကို ပြည့်မှီအောင် ပါဝင် လှူဒါန်းကြပါလို့ မေတာရပ်ခံလိုပါတယ်။ အခုအချိန်မှာ လိုအပ်နေတဲ့ ရန်ပုံငွေရဲ့ ၂၃ ရာခိုင်နှုန်းပဲ ရရှိပါသေးတယ်။ လိုအပ်ချက်ရဲ့ လေးပုံ သုံးပုံလောက် လိုနေပါသေးတယ်။ နိုင်ငံတကာအသိုက်အဝန်းက အားပေးကူညီမှုတွေ လိုအပ်နေပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာက၊ လိုအပ်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လူသားချင်းစာနာမှု အကူအညီတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အရပ်ဘက်အဖွဲ့အစည်း CSO တွေ၊ INGO တွေနဲ့ ရှေ့တန်းက လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေဆီကနေတဆင့် အစီအစဉ်တကျနဲ့ ပေးအပ်သွားဖို့ ဖြစ်ပါတယ်”
အဲဒီနောက် တက်ရောက်လာတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ပါဝင်ဆွေးနွေးကြရာမှာ မြန်မာနိုင်ငံမှာ စစ်တပ်က အရေးပေါ် အခြေအနေ ကြေညာထားတာကို ရပ်တန့်ဖို့၊ သွေးထွက်သံယို အဖြစ်အပျက်တွေ ရပ်တန့်အောင် မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်တာလို လုပ်ရပ်တွေ ကျင့်သုံးပြီး၊ နိုင်ငံတကာက ဝင်ရောက်တားဆီးဖို့နဲ့ အာဆီယံနိုင်ငံတွေနဲ့ သဘောတူထားတာကို အမှန်တကယ် အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းကြပါတယ်။

မစ္စတာ တွမ်အင်ဒရူးကတော့ အာဆီယံနဲ့ အတူအလုပ်လုပ်ဖို့ ဆန္ဒရှိပေမယ့် အာဆီယံအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို မဖြစ်မနေ ဖိအားပေးဖို့ လိုအပ်ကြောင်း ပြောသွားပါတယ်။
“ကျွန်တော့်အနေနဲ့ အာဆီယံနဲ့အတူ အလုပ်လုပ်ဖို့ တံခါးဖွင့်ထားတယ်ဆိုတာ အာဆီယံခေါင်းဆောင်တွေကို သိစေချင်ပါတယ်။ ဒီအကျပ်အတည်းကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ အခြားပုဂ္ဂိုလ်တွေနဲ့အတူ လက်တွဲပြီး အလုပ်လုပ်ဖို့ ပြင်းပြတဲ့ ဆန္ဒရှိကြောင်း ပြောချင်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်နိုင်ဖို့အတွက်ဆိုရင် စစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ လိုတယ်ဆိုတာလည်း ပြောချင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အထူးညီလာခံမှာ five point consensus သဘောတူညီချက်ရပြီး မကြာခင်မှာပဲ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီသဘောတူညီချက်တွေဟာ အကြံပြုချက် သက်သက်မျှသာ ဖြစ်တယ်လို့ ပြောပြီး သဘောတူညီချက်တွေကို ဖျက်သိမ်းလိုက်ပါတယ်။ အထူးသဖြင့် စစ်အစိုးရ အနေနဲ့ ပြည်တွင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ဆိုတဲ့ နံပါတ်တစ် သဘောတူညီချက်နဲ့ ပတ်သက်ရင်၊ မင်းအောင်လှိုင်က သူ့အနေနဲ့ တည်ငြိမ်မှုရှိမှ လိုက်နာဖို့ စဉ်းစားရမယ့် အကြံပြုချက်လို့ ပြောပါတယ်။ သူပြောတဲ့ 'တည်ငြိမ်မှု' ရှိမှ ဆိုတာ အတိုက်အခံတွေကို ဖိနှိပ်မှုတွေ လုပ်တာ အောင်မြင်မှလုပ်မှာကို ဆိုလိုတာပါ”
ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ အာဏာသိမ်း စစ်ကောင်စီအစိုးရနဲ့ အဆက်အသွယ် ဖြတ်တောက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG အစိုးရကို အသိအမှတ်ပြုဖို့ကိုလည်း မစ္စတာ တွမ်အင်ဒရူးက တိုက်တွန်းသွားပါတယ်။