ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုခွင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရရှိ

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတာဝန်တွေ ဆက်လက်ထမ်းဆောင်ဖို့ ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် စိစစ်ရေးကော်မတီက ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပသည့် "အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ အစီအရင်ခံစာ" ဆွေးနွေးပွဲတက်ရောက်လာသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။ Permanent Mission of Myanmar to the United Nations

[Updated: 12:45 am, December 07, 2024]

စစ်ကောင်စီက မြန်မာနိုင်ငံကိုယ်စားပြုဖို့ ကြိုးပမ်းခဲ့ပေမဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် စိစစ်ရေးကော်မတီ (Credential Committee) က ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒါဟာ ပြည်သူတွေရဲ့ အောင်ပွဲတစ်ခုဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"နယူးယောက်အချိန် ဒီနေ့ မနက် ၁၀ နာရီလောက်က Credentials Committee ရဲ့ အစီရင်ခံစာကို GA Plenary meeting က အတည်ပြုပါတယ်။ ဒါကြောင့် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ အမြဲတမ်းကိုယ်စားလှယ်က ဆက်လက်တာဝန်ထမ်းဆောင် သွားရမှာ ဖြစ်ပါတယ်။ ဒါဟာ UN မှာ စကစရဲ့ ကိုယ်စားပြုဖို့ ကြိုးစားနေတာကို ဆက်လက်တားဆီးနိုင်သလို ပြည်သူတွေရဲ့ အသံ၊ ဆန္ဒတွေကို ဒီ UN က တစ်ဆင့် နိုင်ငံတကာက သိအောင်၊ ကြားအောင် ဆက်ပြုလုပ်ရနေမှာဖြစ်ပြီး အဲဒီမှာ အကြမ်းဖက် စကစ အပေါ် ထိရောက်တဲ့ အရေးယူမှုတွေ ဖြစ်လာစေဖို့ ဆက်လက်တိုက်တွန်း တောင်းဆိုနေနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူတော်လှန်ရေး၊ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ဆက်လက်ပြီး အားတအား ဆက်ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်၊ ဒါဟာ ပြည်သူတွေရဲ့ အောင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ခန့်အပ်ခံခဲ့ရတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ စစ်တပ်အာဏာသိမ်းလိုက်ချိန်မှာ စစ်ကောင်စီကို ကိုယ်စားမပြုဘဲ NLD အစိုးရနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကိုသာ ကိုယ်စားပြုကြောင်း ကုလသမဂ္ဂအစည်းအဝေးမှာ တရားဝင်ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

သံအမတ်ကြီးက စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေကို ကုလသမဂ္ဂအစည်းအဝေးတွေမှာ အမြဲတမ်းတင်ပြနေပြီး စစ်ကောင်စီကို နိုင်ငံတကာက ထောက်ပံ့မှုတွေမပေးဖို့၊ စစ်ခေါင်းဆောင်အပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို အမြန်ဆုံးဖမ်းဆီးအရေးယူဖို့၊ တော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားတွေကို နိုင်ငံတကာက လေးစားလိုက်နာဖို့ တိုက်တွန်းနေသူ ဖြစ်ပါတယ်။

(မှတ်ချက်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း RFA ကို ပြန်လည်ဖြေကြားထားသည့် မှတ်ချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org