ကုလသမဂ္ဂအရာရှိတွေ စစ်တွေမှာ ရပ်မိရပ်ဖတွေနဲ့ သွားရောက်တွေ့ဆုံ
ရခိုင်ပြည်နယ်အတွင်းမှာ လူမှုရေးအကူ အညီတွေပေးနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ မြန်မာနိုင်ငံဆိုင်ရာဋ္ဌာနေ ကိုယ်စားလှယ်တွေဟာ စစ်တွေမြို့ ရပ်မိရပ်ဖတွေနဲ့ စစ်တွေဟိုတယ်မှာ မနေ့ကညပိုင်းက သီးခြားစီတွေ့ဆုံ ခဲ့ကြပါတယ်။
-
2014-03-19 -
-
-
ရခိုင်ပြည်နယ်အတွင်းမှာ လူမှုရေး အကူအညီတွေပေးနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ မြန်မာနိုင်ငံဆိုင်ရာဋ္ဌာနေ ကိုယ်စားလှယ်တွေဟာ စစ်တွေမြို့ ရပ်မိရပ်ဖတွေနဲ့ စစ်တွေဟိုတယ်မှာ မနေ့ကညပိုင်းက သီးခြားစီတွေ့ဆုံ ခဲ့ကြပါတယ်။
ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ စစ်တွေမြို့ရပ်မိရပ်ဖတွေ အခုလို တွေ့ဆုံတာဟာ ရခိုင်ပြည်နယ်အတွင်းမှာ လူမှုရေးအကူအညီတွေကို ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ အတွက် ဖြစ်တယ်လို့ စစ်တွေမြိုခံ ဦးသန်းထွန်းက RFA ကို ပြောပါတယ်။
"UN အဖွဲ့အစည်း အကုန်လုံးရဲ့ ဌာနေကိုယ်စား လှယ်တွေ ပါတယ်ဆိုတော့ နောက်ပိုင်းကာလမှာ ဘယ်လိုမျိုးဆက်ဆံရမလဲဆိုတာကို သူတို့လေ့လာ ချင်တဲ့ အဓိပ္ပာယ်ရှိပါတယ်၊ နောက်တစ်ခုက ရခိုင်တိုင်းရင်းသားတွေရဲ့ UN နဲ့ နိုင်ငံတကာ အဖွဲ့အစည်းအပေါ် မြင်ထားတဲ့အမြင်တွေကို သူတို့က စူးစမ်းချင်တဲ့ အဓိပ္ပာယ်ရှိတယ်လေ၊ ရခိုင်တွေကလည်း UN နဲ့ နိုင်ငံတကာ အဖွဲ့အစည်းအပေါ် မှာ တစ်ဖက်သတ်ဘက်လိုက်မှုတွေ ရှိတယ်ဆိုတာကို အမြဲတမ်းထောက်ပြ ပြောဆိုတဲ့အတွက်ကြောင့် အဲဒါတွေကိုလာပြီး လေ့လာတဲ့သဘောရှိပါတယ်"
မနေ့က စစ်တွေမြို့ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံရာမှာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP၊ ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့ UNICEF ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR စတဲ့ အဖွဲ့တွေက ဋ္ဌာနေကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် UN အပါအဝင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေအနေနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေ အကြား နှစ်ဘက်မျှတအောင် ကူညီဆောင်ရွက်မှုတွေ ပေးနိုင်မယ်ဆိုရင် ရခိုင်တိုင်းရင်းသားတွေ ဘက်ကလည်း နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေအပေါ် အမြင်ရှင်းလာမှာဖြစ်ကြောင်းကိုလည်း ရပ်မိရပ်ဖတွေဘက်က ထောက်ပြပြောဆိုခဲ့တယ်လို့လည်း တွေ့ဆုံပွဲတက်ရောက်ခဲ့သူတွေက ပြောပါတယ်။