ရခိုင် ပဋိပက္ခမှာ သေဆုံးသူ ၁၀၀၀ ကျော်ရှိနိုင်ဟု ကုလပြော

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုအတွင်း သေဆုံးသူ ၁၀၀၀ ထက်မနည်းရှိနိုင်ပြီး၊ သေဆုံးသူ အများစုဟာ လူနည်းစု ရိုဟင်ဂျာမွတ်ဆလင်တွေလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ယန်ဟီးလီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မောင်တောမြို့နယ် တောင်ပိုင်းက ဂေါ်ဒူသာရ ကျေးရွာမှာ ၂၀၁၇၊ စက်တင်ဘာလ ၇ ရက်နေ့က မီးလောင်နေပုံကို တွေ့ရစဉ် photo: Thiha Tun/ RFA

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုအတွင်း သေဆုံးသူ ၁၀၀၀ ထက်မနည်းရှိနိုင်ပြီး၊ သေဆုံးသူ အများစုဟာ လူနည်းစု ရိုဟင်ဂျာမွတ်ဆလင်တွေလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ဒီကနေ့ ပြောကြား လိုက်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရအမျိုးသမီး ဗီဗီယန်းတန်ကလည်း လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်လာတဲ့ ဒုက္ခသည် ၂ သိန်း ၇ သောင်းခန့်ရှိသွားပြီလို့ ပြောပါတယ်။

HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း နောက်ထပ် ရိုဟင်ဂျာကျေးရွာတွ ရာနဲ့ချီ မီးလောင်နေတဲ့ ဂြိုလ်တုဓါတ်ပုံတွေ ရရှိထားတယ်လို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန် ဖြန့်ဝေနေပါတယ်။

အမေရိကန်အစိုးရကတော့ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ခွင့်ပြုဖို့ တိုက်တွန်းလိုက်ပါတယ်။ အီးယူ ဥရောပသမဂ္ဂ ဒုတိယဥက္ကဌကလည်း ဒေါက်တာ ကိုဖီအာအန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်ပါတယ်။

တပြိုင်နက်တည်းမှာပဲ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မွတ်ဆလင်တွေကို အကာအကွယ်ပေးဖို့  စာတစ်စောင်ရေးသားပြီး တိုက်တွန်းလိုက်ပါတယ်။

ဒီအတောအတွင်း မလေးရှားနိုင်ငံက မြန်မာသံရုံးရှေ့မှာ လူ ၂၀၀ လောက် ဒီကနေ့ ဆန္ဒပြခဲ့ကြပြီး ရိုဟင်ဂျာ မွတ်ဆလင်တွေ အကြမ်းဖက်ခံနေရမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံနဲ့ သံတမန်အဆက်အသွယ် ဖြတ်တောက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org