နာမည်အသုံးအနှုန်းထက် နှစ်ဘက် သဟဇာတဖြစ်ရေး ပိုအရေးကြီးလို့ ဘန်ကီမွန်း ပြော
ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီ ဆိုပြီး ခေါ်ဝေါ်ပြောဆိုတာထက် မိမိတို့ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့ အစည်းနှစ်ခုစလုံး သဟဇာတရှိရှိ အတူနေသွားနိုင်ဖို့ကို အဓိကထား ဦးတည်ပြောတာဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီနေ့ ပြောပါတယ်။
-
2014-11-13 -
-
-
Your browser doesn’t support HTML5 audio
ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီဆိုပြီး ခေါ်ဝေါ်ပြောဆိုတာ ထက် မိမိတို့ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ ရခိုင်ပြည် နယ်က လူ့အဖွဲ့အစည်းနှစ်ခုစလုံး သဟဇာတရှိရှိ အတူနေသွားနိုင်ဖို့ကို အဓိကထား ဦးတည်ပြော တာဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီနေ့ ပြောပါတယ်။
နေပြည်တော်မှာကျင်းပတဲ့ အာဆီယံထိပ်သီး ညီလာခံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကို တက်ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ဒီနေ့နေ့လယ်ပိုင်းက သတင်းမီဒီယာတချို့နဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။
အဲဒီ့မှာ သတင်းထောက်တစ်ဦးက မစ္စတာဘန်ကီမွန်းကို ရိုဟင်ဂျာလို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ သုံးနှုန်းသွားတဲ့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ကန့်ကွက်စာပေးခဲ့တဲ့ အပေါ် မေးမြန်းရာမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် က ဖြေကြားခဲ့တာဖြစ်ပါတယ်။
“ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီလို့ အများက ခေါ်နိုင်ပါတယ်။ အရေးကြီးတာက ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်း နှစ်ခုစလုံး အတူတကွယှဉ်တွဲနေထိုင်နိုင်မယ့် အခြေအနေကို ဖန်တီးနိုင်ဖို့က အဓိကဖြစ်ပါတယ်။ ကုလသမဂ္ဂက ဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက နှစ်ဖက်စလုံးရဲ့ လူနေမှုဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကူအညီပေးခွင့်ရအောင် ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့စာကို လက်ခံရရှိပါတယ်။ ဒီအပေါ်မှာ ဆက်လက်ဆွေးနွေးကြရမှာဖြစ်ပါတယ်။ နှစ်ဖက်လူ့အဖွဲ့အစည်းမှာ အကြောက်တရားတွေ ကင်းဝေးပြီးနေနိုင်ဖို့က အဓိကဖြစ်ပါတယ်။ အဲဒီ့အတွက် သတင်းမီဒီယာတွေကလည်း တာဝန်ယူရမှာဖြစ်ပြီး သတင်းမီဒီယာအခန်းကဏ္ဍကလည်း အရေးကြီးပါတယ်လို့” ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ပြောသွားတာပါ။
မစ္စတာဘန်ကီမွန်းဟာ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းအပြင် ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဆွေးနွေးရာ မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးကြီးတဲ့ ၂၀၁၅ ရွေးကောက်ပွဲကိစ္စအပြင် ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ အထိ ဖြစ်လာဖို့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
မစ္စတာ ဘန်ကီမွန်းရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။