အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ လုံခြုံရေးကောင်စီ တိုက်တွန်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ ၈ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့် ဖို့နဲ့ အရပ်သားတွေရဲ့ အသက်အိုးအိမ်ကို လုံခြုံအောင်ဆောင်ပေးရွက်ဖို့ နိုဝင်ဘာလ ၁၁ ရက်မှာ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပနေစဥ် Photo: UN

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးတစ်ရပ်ကို ၂၀၂၀ ရွေးကောက်ပွဲ တစ်နှစ်ပြည့်တဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး၊ ပိုတိုးလာတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့နဲ့ အရပ်သားတွေရဲ့ အသက်အိုးအိမ်ကို စိတ်ချလုံခြုံအောင်ဆောင်ပေးရွက်ဖို့ နိုဝင်ဘာ ၁၁ ရက် မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ကိုးလကျော်အတွင်း စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့အရပ်သား တစ်ထောင်ကျော် သေဆုံးခဲ့ပြီးချိန်မှာ ကုလလုံခြုံရေးကောင်စီအနေနဲ့ စိုးရိမ်ကြောင်း ကြေညာချက်ထုတ်နေရုံနဲ့ မပြီးဘဲ မြန်မာစစ်တပ်အပေါ် လက်တွေ့အရေးယူတာတွေ လုပ်သင့်ပြီလို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် က PDF ခေါင်းဆောင် ဗိုလ်နဂါး က ပြောပါတယ်။

"လုံခြုံရေးကောင်စီအနေနဲ့လည်း စိုးရိမ်တယ် ဆိုတာထက်ပိုပြီး သူတို့မှာ လုပ်ရည်ကိုင်ရည်နဲ့ စွမ်းဆောင် ရည် ဆုံးဖြတ်ချက်တွေ ဘာမှမှန်မှန်ကန်ကန် မရှိတော့ဘူးလား။ ဒီအဖွဲ့အစည်းကြီးရဲ့ အနာဂတ်က ဒီလိုပဲ ပေါ့ပေါ့တန်တန်နဲ့ ပြီးသွားတော့မှာကို ကျွန်တော်တို့လည်း စိုးရိမ်တယ်။ ဒီထက်ပိုပြီး သူတို့လုပ်ဖို့ လိုအပ် နေပြီ။ ကမ္ဘာမှာ ဘယ်တုန်းကမှ မရှိဘူးတဲ့ လူ့အခွင့်အရေးအချိုးဖောက်မှုတွေ လူသားချင်းမစာနာတဲ့ လုပ်ရပ်တွေ ဒီစစ်ကောင်စီက လုပ်နေတာပဲ။ ပြည်သူမပေးတဲ့ အာဏာကို လက်နက်နဲ့ အတင်းအကျပ် ရယူတယ်။ ဒီမိုကရေစီစံနှုန်းတွေကိုလည်း အများကြီး ချိုးဖောက်ပြီးပြီ။ ဒါကိုတောင်မှ သူတို့က စိုးရိမ် တယ်ဆိုတဲ့ စကားထက် မပိုဘူးဆိုတော့ ကျွန်တော့်အနေနဲ့တော့ သူတို့ကိုတောင် ပြန်စိုးရိမ်တယ်"

လုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အခုချိန်ထိ ပေါ့ပေါ့ဆဆသဘောထားနေတဲ့အတွက် မြန်မာပြည်သူတွေဟာ ဒီမိုကရေစီပြန်ရဖို့ နိုင်ငံတကာကို အားကိုးလို့မရတော့ဘဲ ကိုယ်တိုင်ပဲ ဆောင်ရွက်ရ တော့မယ်လို့လည်း ဗိုလ်နဂါး က ပြောသွားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတော့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာရေး အပြုသဘောဆောင်ရွက်နေတဲ့ အာဆီယံကို အပြည့်အဝထောက်ခံကြောင်းနဲ့ အာဆီယံ ဘုံ သဘောတူညီချက် ၅ ရပ်ကို အမြန်ဆုံး အပြည့်အဝအကောင်အထည်ဖော်ရေးအတွက် အာဆီယံအထူး ကိုယ်စားလှယ်ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံအားပေးတယ်လို့လည်း လုံခြုံရေးကောင်စီ ထုတ်ပြန် ချက်မှာ ပြောထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ် မြန်နိုင်သမျှမြန်မြန်ဖြစ်ပေါ်လာပြီး၊ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေးအတွက် မျှော်လင့်နေတယ်လို့လည်း တိုက်တွန်းထားပါတယ်။

လုံခြုံရေးကောင်စီရဲ့ တိုက်တွန်းချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က သူတို့အနေနဲ့ အကြမ်းဖက်နေတာ မဟုတ်ဘဲ တိုင်းပြည်အေးချမ်းရေးအတွက် လုပ်ဆောင်နေတာလို့ တုံ့ပြန်ပါတယ်။

"အကြမ်းဖက်မှုရပ်တန့်ဖို့ကတော့ တပ်မတော်က ရပ်ရွာအေးချမ်းသာယာရေး နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး ဆောင်ရွက်လျှက်ရှိတယ်။ ကျွန်တော်တို့ရဲ့ သဘောထားကတော့ အာဆီယံကိုယ်စားလှယ်ကို မလာရောက်ပါနဲ့လို့ တစ်ခါမှ ပြောဆိုတာမရှိဘူး။ အာဆီယံကိုယ်စားလှယ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးအခြေအနေတွေ နိုင်ငံရဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးမူတွေ ဒါတွေ ကိုက်ညီရင် ကျွန်တော်တို့ အမြဲတမ်းကြိုဆိုနေတာပဲဖြစ်တယ်"

စစ်ကောင်စီအနေနဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ အာမခံချက်ပေးပြီးသား လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားပါတယ်။

"သူတို့က စိုးရိမ်တယ်ဆိုတဲ့ စကားထက် မပိုဘူးဆိုတော့ ကျွန်တော့်အနေနဲ့တော့ သူတို့ကိုတောင် ပြန်စိုးရိမ်တယ်"

လုံခြုံရေးကောင်စီက သူတို့အနေနဲ့ လက်ရှိမြန်မာနိုင်ငံက အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေ ကြောင်းနဲ့ လတ်တလော အကြမ်းဖက်မှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ IDP တွေ အပါအဝင် စစ်ရာဇဝတ်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထွက်ပြေးခိုလှုံနေရတဲ့ ရခိုင် မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်တွေ လုံခြုံဘေးကင်းစွာ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးကို တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ချဉ်းကပ်မှုဟာ စစ်တပ်ပါဝင်တဲ့အဖြေရှာမှုကို တွန်းပို့နေတာဖြစ်ပေမယ့် မြန်မာပြည်သူတွေကတော့ စစ်တပ်မပါတော့တဲ့ အဖြေရှာမှုမျိုးကိုသာ လိုလားနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။

"နိုင်ငံတကာက တွန်းနေတဲ့တွန်းအားက စစ်တပ်နဲ့ညှိပြီး ပူးပေါင်းအဖြေရှာဖို့ကို တွန်းတာ။ မြန်မာနိုင်ငံ ဘက်က တော်လှန်ရေးအင်အားစုတွေရဲ့ စဉ်းစားမှုက စစ်တပ် လုံးဝမပါတော့တဲ့ အဖြေကိုပဲ လိုချင်တာ။ အဲတော့ UN ဘက်ကတွန်းတဲ့ဟာကို ကျွန်တော်တို့ အများကြီးမျှော်လင့်လို့မရဘူး။ တကယ်လို့ သူတို့ ဘက်က အားသာလို့ တွန်းသွားတယ်၊ ပြေလည်သွားတယ်၊ ငြိမ်းချမ်းရေးရသွားတယ်ဆိုရင် စစ်တပ် လုပ်ပိုင်ခွင့် ဒါမှမဟုတ် နိုင်ငံရေး စီရင်ဆုံးဖြတ်ပိုင်ခွင့် တစ်စိတ်တစ်ပိုင်းပါတဲ့ အဖြေမျိုးကိုပဲ UN ကနေ တွန်းပေးလို့ရတဲ့ အခြေအနေမျိုးမှာပဲ ရှိနေသေးတယ်"

(စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၁ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တဲ့ အရာတော်မြို့နယ် ရှောက်ခါးရွာက နေအိမ်တွေကို တွေ့ရစဥ်) Photo: CJ

လုံခြုံရေးကောင်စီက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုနေပေမဲ့ လက်ရှိ မှာတော့ ချင်း၊ ကချင်၊ ကယား၊ စစ်ကိုင်း၊ မကွေး စတဲ့ဒေသတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ များပြားလှတဲ့ အရပ်သားကာကွယ်ရေးတပ်ဖွဲ့ PDF တွေအကြား အပြန်အလှန် တိုက်ခိုက်သတ်ဖြတ်မှုတွေ ပိုတိုးလာ နေပါတယ်။

မြို့ပြရန်ကုန်မှာလည်း ဗုံးကွဲမှု၊ ဒလန်လို့ခေါ်တဲ့ စစ်တပ်သတင်းပေးတွေကို ပစ်မှတ်ထားရှင်းလင်းမှု၊ ရဲနဲ့ စစ်တပ်ဘက်က လူငယ်တွေကို ပိုက်စိပ်တိုက် ဖမ်းဆီးနှိပ်စက်မှုတွေ ပိုများလာတာ တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လစဥ်ထုတ်ပြန်တဲ့ အစီရင်ခံစာတွေအရ ပြီးခဲ့တဲ့ဇွန်လကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ ငါးလအတွင်း တိုက်ပွဲနဲ့ ပဋိပက္ခပေါင်း ၂၅၂၉ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် RFA က သီးသန့်ကောက်ယူထားတဲ့စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ပြီးခဲ့တဲ့အောက်တို ဘာလကုန်အထိ စစ်အာဏာသိမ်း ကိုးလအတွင်း ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှု၊ ဖမ်းဆီးနှိပ်စက်မှုတွေ ကြောင့် သေဆုံးရတဲ့ အရပ်သား အရေအတွက်ဟာ ၁၁၉၇ ဦးရှိနေပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org