လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးမည်
လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်ကောင်စီကို ပိုပြင်းထန်တဲ့ အရေးယူမှုတွေချမှတ်ဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက စစ်အာဏာသိမ်း သုံးနှစ်ပြည့်တဲ့နေ့က တိုက်တွန်းထားပါတယ်။
-
RFA Burmese
2024-02-04 -
-
-
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တံခါးပိတ်ဆွေးနွေးဖို့ ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ဒေသစံတော်ချိန် မနက် ၁ဝ နာရီ ဆွေးနွေးကြမှာပါ။
ဒီဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံက ကမကထလုပ်တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ အာဆီယံက အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် အာလွန်ကယ်ကစ်တစ်ခွန်လည်း တက်ရောက်ဖို့ရှိနေတယ်လို့ RFA က စုံစမ်းသိရပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီး (Linda Thomas-Greenfield) ကလည်း လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် ပိုပြင်းထန်တဲ့ အရေးယူဆုံးဖြတ်ချက်တွေချမှတ်ဖို့ စစ်အာဏာသိမ်း သုံးနှစ်ပြည့်တဲ့နေ့မှာပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေးကျင်းပမယ့် တစ်ချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်လည်း နယူးယောက်မြို့ကို ရောက်နေပါတယ်။
နိုင်ငံတကာကနေ စစ်ကောင်စီအပေါ် ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ဖို့လည်း ဝန်ကြီးဒေါ်ဇင်မာအောင်က ဖေဖော်ဝါရီလ ၃ ရက်က ဆန္ဒပြပွဲကနေ တောင်းဆိုထားပါတယ်။