NUG ကို အသိအမှတ်ပြုဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ စစ်ကောင်စီကို တရားဝင်အဖွဲ့အစည်းအဖြစ် လက်မခံဘဲ ငြင်းဆန်ပြီး၊ ဥပဒေနဲ့အညီ ခိုင်မာတဲ့ တရားဝင် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြု ထောက်ခံကြဖို့လည်း ကုလအထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။

မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews။ AFP

မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီဖြစ်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟာ ဥပဒေမဲ့၊ တရားမဝင် အဖွဲ့အစည်းဖြစ်ကြောင်း၊ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က အင်္ဂါနေ့က ပြောလိုက်ပါတယ်။

ဒါ့ပြင် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ စစ်ကောင်စီကို တရားဝင်အဖွဲ့အစည်းအဖြစ် လက်မခံဘဲ ငြင်းဆန်ပြီး၊ ဥပဒေနဲ့အညီ ခိုင်မာတဲ့ တရားဝင် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြု ထောက်ခံကြဖို့လည်း ကုလအထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်တာကာလမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို စစ်တပ်က အခြေခံ ဥပဒေနဲ့မညီဘဲ၊ အာဏာသိမ်းခဲ့ပြီး ပြည်သူတွေကို အကြမ်းဖက်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကျယ်အပြန့်ပေါ်ပေါက်ခဲ့ရပြီး၊ စီးပွားရေး အကျပ်အတည်းနဲ့လည်း ရင်ဆိုင်ခဲ့ကြရတယ်လို့ သူကပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ၂ဝ၂၃ ခုနှစ်မှာ အတုအယောင် ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ စီစဉ်နေကြောင်းနဲ့ နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီတာတွေ မလုပ်ဖို့ သူက တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုပြီး တရားဝင်အစိုးရအဖြစ် ရေရှည်တည်တံ့ခိုင်မာဖို့အတွက် သင့်လျော်တဲ့ ပံ့ပိုးကူညီမှုတွေ ထောက်ပံ့ပေးကြဖို့လည်း ကုလ အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org