စစ်မှန်သည့် အပြောင်းအလဲပေါ်ပေါက်ရေး ကုလကိုယ်စားလှယ်နှင့် NLD ဆွေးနွေး

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေ နမ်ဘီးယားတို့ မေလ ၁၁ ရက် မနေ့ ညနေပိုင်းက အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယား (ယာ) နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (ဝဲ) တို့ မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့တွင် ဆွေးနွေးပြီးနောက် သတင်းဌာနများနှင့် တွေ့ဆုံနေပုံ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ အစိုးရသစ် ဖြစ်လာပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေ အပါအဝင် NLD ရပ်တည် လှုပ်ရှားမှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

“အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း အဖွဲ့ချုပ်ရဲ့ ဆက်လက် ရပ်တည်ထားချက်၊ အဖွဲ့ချုပ်ရဲ့ ဆက်လက် ကြိုးပမ်းနေတာတွေ၊ နောက် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး၊ နောက် ကျွန်တော်တို့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာရေး ဆိုတဲ့ ကိစ္စတွေ အပါအဝင် အဖွဲ့ချုပ်ဖက်က ရပ်တည် ဆောင်ရွက်နေတဲ့ အကြောင်းတွေကို ဆွေးနွေးပါတယ်။ ဆွေးနွေးပွဲဟာ ပွင့်လင်းမှု ရှိပါတယ်။”

မစ္စတာ နမ်ဘီးယားဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဆုံး တနာရီကြာ ဆွေးနွေးပြီးတဲ့နောက် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ ဆက်လက် တွေ့ဆုံခဲ့တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ချက်တွေကိုလည်း မစ္စတာနမ်ဘီးယားက ရှင်းပြခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။ ဒါအပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး သံတမန် ခန့်အပ်ရေးကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဦးအုန်းကြိုင်က ဆိုပါတယ်။

“အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံကြီးကို ဒါထက်ပိုပြီးတော့ မိမိဖက်က ဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူး သံကိုယ်စားလှယ် တယောက်ခန့်ပြီးတော့ ဆောင်ရွက်ဖို့ ဆိုပြီးတော့ ဆွေးနွေးပါတယ်။ အဲဒီ ကိစ္စလေး ဖြစ်ဖို့ အလားအလာ ရှိပါသလားလို့ ကျွန်တော်တို့ဖက်က မေးပါတယ်။ မေးတော့ မစ္စတာ နမ်ဘီးယားက ဒီကိစ္စကို အထွေထွေ အတွင်းရေးမှူးကို တင်ပြထားပြီး ဖြစ်တဲ့အတွက်ကြောင့် ဆက်လက်ပြီးတော့ စဉ်းစားနေဆဲလည်း ဖြစ်တဲ့အကြောင်း အဲလို ပြောပါတယ်ခင်ဗျ။”

မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးနဲ့ သူတွေ့ဆုံခဲ့စဉ်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အမှာစကားတွေကိုလည်း ပြောပြခဲ့တယ်လို့ မစ္စတာ နမ်ဘီးယားက ပြောပြခဲ့တယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

မစ္စတာ နမ်ဘီးယားဟာ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ ရန်ကုန် ကုလသမဂ္ဂ ပြန်ကြားရေးရုံးမှာ မေလ ၁၂ ရက် ဒီကနေ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org