ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာအရေးဆိုင်ရာ မိတ်ဆွေနိုင်ငံများအဖွဲ့ ဆွေးနွေး
မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်ရေးကနေ ဦးသိန်းစိန် အရပ်သား အစိုးရကို ပြောင်းလဲသွားခဲ့ပေမယ့် နှစ်ပေါင်း များစွာ တည်ရှိနေခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်းတွေကတော့ တစုံတရာ ပြောင်းလဲ တိုးတက်မှု မရှိသေးဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ပြောကြားလိုက်ပါတယ်။
-
2011-06-09 -
-
-
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းပုံ
Photo: AFP
မြန်မာနိုင်ငံ အရေး ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီမွန်း ဦးဆောင် ဖွဲ့စည်းထားတဲ့ မြန်မာ့ မိတ်ဆွေနိုင်ငံများ အဖွဲ့ဝင် (၁၅) နိုင်ငံက သံကိုယ်စားလှယ်တွေနဲ့ ကုလသမဂ္ဂ ရုံးချုပ်မှာ တွေ့ဆုံ ဆွေးနွေး အပြီး မစ္စတာ ဘန်ကီမွန်းက ကြေညာချက် တရပ် ထုတ်ပြန် သုံးသပ်လိုက်တာ ဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Soung-ah Choi က RFA ကို ပြောပါတယ်။
ဒီတွေ့ဆုံ ဆွေးနွေးပွဲမှာ အခြေခံအားဖြင့် သုံးသပ်ခဲ့ကြတာကတော့ မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှု အခက်အခဲတွေဟာ အရင်က အတိုင်းရှိနေဆဲ ဖြစ်ကြောင်း၊ ဒါပေမယ့် ပြုပြင် ပြောင်းလဲရေးလုပ်ဖို့ သမ္မတက ပြောဆိုထားတဲ့ အချက်ကတော့ စိတ်အားတက်စရာ လက္ခဏာ အဖြစ် တွေ့ရကြောင်း၊ လတ်တလော အထိတော့ လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်ချက် မယ်မယ်ရရ မရှိသေးကြောင်း ပြောပါတယ်။
ဒီတွေ့ဆုံပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် VJ Nambiar က ပြီးခဲ့တဲ့လက သူ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ် တွေ့ရှိချက်တွေကို မြန်မာ့ မိတ်ဆွေ နိုင်ငံများ အဖွဲ့ဝင်နိုင်ငံတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ထိုင်း၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေ ပါဝင်တဲ့ မြန်မာ မိတ်ဆွေ နိုင်ငံများအဖွဲ့ကို ၂၀၀၇ ခုနှစ် အတွင်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ မနေ့က ကျင်းပတဲ့ အဲဒိအဖွဲ့ရဲ့ ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံမှာ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ပထမဆုံး အကြိမ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
မိတ်ဆွေနိုင်ငံများ အဖွဲ့ဝင် (၁၅) နိုင်ငံ အဖွဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီမွန်းရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Soung-ah Choi ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |