အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေး ဖို့ UNFC ကော်မတီသစ် ဖွဲ့စည်း

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ တတိယနေ့ ကောင်စီ အစည်းအဝေး ကနေပြီး ပြောင်းလဲလာတဲ့ အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေး ဖို့အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး UNFC အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ချက်ကို လည်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပစဉ် Photo: Aung Moe Myint/RFA

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ တတိယနေ့ ကောင်စီ အစည်းအဝေးကနေပြီး ပြောင်းလဲလာတဲ့ အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပြီး UNFC အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ချက်ကိုလည်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ လာမည့်အစိုးရသစ်နဲ့ ငြိမ်းချမ်းရေး နဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်ဆွေးနွေးနိုင်ဖို့အတွက် UNFC အဖွဲ့ဝင် တစ်ဦးစီပါဝင်တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့တာနဲ့ပတ်သက်ပြီး UNFC ဒုဥက္ကဌ ဦးနိုင်ဟံသာ က RFA ကို အခုလို ပြောဆိုပါတယ်။

"ငြိမ်းချမ်းရေးပြဿနာကို ဆက်လက်ကိုင်တွယ်ဖြေရှင်းသွားဖို့လေ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေးကော်မတီ  ဆိုပြီး ဆက်ဖွဲ့ဖို့ သဘောတူထားတယ်၊ အဲ့အဖွဲ့ကနေပြီးတော့ ဆက်လက်ပြီးညှိနှိုင်းသွားမယ်၊ ငြိမ်းချမ်းရေးဆွေးနွေးသွားဖို့လို့ ပြောရမှာပေါ့ဗျာ၊ ဘာကြောင့်လဲဆိုတော့ အခုက တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးကလည်း မပြီးသေးဘူး၊ နောက်လိုအပ်တဲ့ဟာတွေကလည်း ညှိနှိုင်းဖို့လိုသေးတယ်ဆိုတော့ ကျနော်တို့ သုံးတဲ့ဝေါဟာရကတော့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေးကော်မတီပေါ့"

ဒါ့ပြင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကိုလည်း အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည်ဖော်ဖို့ အပါအဝင် အချက် ၅ ချက်ကို ဒီကနေ့ အစည်းအဝေးမှာ ရှေ့လုပ်ငန်းစဉ်အနေနဲ့ ချမှတ်ခဲ့ပေမယ့် ဆက်ဆွေးနွေးစရာ ကျန်ရှိနေသေးတဲ့အတွက် ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုပါတယ်။

ဒီကနေ့အစည်းအဝေးမှာ UNFC အဖွဲ့ရဲ့ ဌာန ၆ ခုလုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးအတည်ပြုခဲ့ ကြပြီး UNFC အဖွဲ့ဝင်အဖြစ်လျှောက်ထားတဲ့ ဇိုမီးပြန်လည်သွေးစည်းညီညွတ်ရေးအဖွဲ့ ZRO အဖွဲ့ကိုတော့ UNFC အဖွဲ့ဝင်အဖြစ်လက်ခံဖို့ ခေတ္တာရပ်ဆိုင်းထားကြောင်း ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org