UNFC ညီလာခံ ဒီဇင်ဘာလ ချင်းမိုင်မှာ ကျင်းပမည်
2015.11.29

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှစ်ပတ်လည် ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လာမယ့် ဒီဇင်ဘာလ ဒုတိယပတ်ထဲမှာ ကျင်းပဖို့ စီစဉ်ထားကြောင်း UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ပြောပါတယ်။
အဲ့ဒီနှစ်ပတ်လည် ညီလာခံမှာ UNFC ကို ပြန်လည်ဖွဲ့စည်းရေးကိစ္စ၊ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရတို့ ငြိမ်ချမ်းရေးဆွေးနွေးမှုအပေါ် UNFC ရဲ့ သဘောထားတွေကို ဆွေးနွေးသွားမှာဖြစ်ကြောင်း UNFC ရဲ့ ဒုဥက္ကဋ္ဌ ဦးနိုင်ဟံသာ က ပြောပါတယ်။
"အဓိကကတော့ နိုင်ငံရေးအခြေအနေမှာပေါ့ဗျာ၊ ရွေးကောက်ပွဲအခြေအနေနဲ့လည်း ဆက်စပ်နေတယ်၊ မြောက်ပိုင်းမှာတိုက်ပွဲဖြစ်နေတဲ့ကိစ္စလည်း အပါအဝင်ပေါ့ဗျာ၊ UNFC ကိုဘယ်လိုပြင်ဆင်မလဲ၊ ဖွဲ့စည်းမလဲ၊ ကိစ္စပေါင်းစုံကျနော်တို့သုံးသပ်ရမှာပါ၊ အခုက တော့ အစိုးရဖက်ကငြိမ်းချမ်းရေးကိစ္စ ကိုဆွေးနွေးနေတဲ့အချိန်မှာ၊ ကျနော်တို့ဖက်က ဘယ်လိုသဘောထားမလဲကိစ္စမှာ ကျနော်တို့လည်းသုံးသပ်ကျမှာပါ"
ဒ့ါအပြင် ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ကို အဖွဲ့ဝင် အဖြစ် ယာယီရပ်ဆိုင်းထားတဲ့ကိစ္စတွေကို လည်း ဆွေးနွေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကလည်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ အစည်းအဝေးကို ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့မှာကျင်းပခဲ့ပြီး အစိုးရတပ်မတော်ရဲ့ ထိုးစစ်တွေကို ရပ်တန့်ပေးဖို့နဲ့ ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရသစ်နဲ့ပူးပေါင်းကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေကို စတင်ဖို့ သဘောထားရှိကြောင်းစတဲ့ အချက်တွေပါတဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို ၂၀၁၁ ခုနစ်က တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဒီအတွင်း အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား နိုင်ငံရေးဆွေးနွေး ဖို့အတွက် အချက် (၁၀) ချက်ပါ မူဘောင် မူကြမ်းတစ်ရပ် မြန်မာငြိမ်းချမ်းရေး စင်တာ MPC မှာ ရေးဆွဲနေကြောင်း သိရပါတယ်။
အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု ပူးပေါင်းကော်မတီ ( UPDJC ) ရဲ့ လေးရက်ကြာ မူဘောင်၊ မူကြမ်း ဆိုင်ရာ အစည်းဝေးမှာ အဲဒီ အချက် (၁၀) ချက်ကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအချက်တွေထဲမှာ မူဘောင်ရဲ့ အခြေခံ စည်းမျဉ်းတွေ၊ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်သူတွေရဲ့ ကိုယ်စားပြုမှု၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ နည်းလမ်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ အစီအမံ၊ ပြည်ထောင်စု သဘောတူ လက်မှတ်ရေးထိုးခြင်းနဲ့ အကောင်အထည်ဖေါ်မှု လုပ်ငန်းစဉ် စတာတွေပါဝင် တယ်လို့ သိရပါတယ်။
မူကြမ်းရေးဆွဲရေးကော်မတီ အစည်းအဝေးဟာ လာမယ့် အင်္ဂါနေ့အထိဖြစ်ပါတယ်။ မူဘောင်ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ အပြီးသတ်မယ်လို့မျှော်လင့်ရ ပါတယ်။
ပထမဆုံးအကြိမ် နိုင်ငံရေးဆွေးနွေးပွဲကို ဇန်ဝါရီလ ၁၄ ရက်မတိုင်ခင် စတင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။