လက်နက်ကိုင်အဖွဲ့တွေ ဖယ်ဒရယ်မူအရေး ဆွေးနွေး

ထိုင်းနိုုင်ငံ ချင်းမိုင်မြို့က Holiday Garden Hotel မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်ကိုယ်စားလှယ်တွေ စုစည်းပြီး ဖက်ဒရယ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ် ဒီကနေ့ ကျင်းပနေပါတယ်။

ဖက်ဒရယ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၆ ရက်နေ့က ထိုင်းနိုုင်ငံ ချင်းမိုင်မြို့က Holiday Garden Hotel မှာ ကျင်းပနေစဉ် Photo: Aung Moe Myint/ RFA

ထိုင်းနိုုင်ငံ ချင်းမိုင်မြို့က Holiday Garden Hotel မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ကိုယ်စား လှယ်တွေစုစည်းပြီး ဖက်ဒရယ် ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ဒီကနေ့ ကျင်းပနေပါတယ်။ တိုင်းရင်းသားတွေ ကြားထဲမှာ အားလုံးလက်ခံနိုင်တဲ့ မူဝါဒနဲ့ သဘောထားတွေ ရရှိထားဖို့အတွက် ဒီဆွေးနွေးပွဲကို ရည်ရွယ်ကျင်းပ တာဖြစ်တယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ဒုဥက္ကဌ နိုင်ဟံသာ က ပြောပါတယ်။

လက်ရှိ တိုင်းရင်းသား အင်အားစုတွေအနေနဲ့ အရင်က ဖက်ဒရယ်ဖွဲ့စည်းပုံမူကြမ်းတစ်ခု ရေးဆွဲထားတာရှိခဲ့ပေမယ့် လက်ရှိအခြေအနေနဲ့ ကိုက်ညီမယ့် ဖက်ဒရယ်စနစ်ကို ဒီဆွေးနွေးပွဲမှာ အမြင်တွေဖလှယ်ကြပြီး တိုင်းရင်းသားတွေ လိုလားတဲ့ ဘုံသဘောတူညီမှုတစ်ခုရရှိရေးအတွက် ကြိုးစားကြမယ်လို့လည်း နိုင်ဟံသာ က ပြောပါတယ်။

"အဓိက အားဖြင့်ကတော့ ကျနော်တို့ တည်ဆောက်မယ့် ဖက်ဒရယ်နိုင်ငံဟာ လူမျိုးစုအပေါ်မှာ အခြေခံတဲ့ ဖက်ဒရယ်စနစ်မျိုး၊ လူမျိုးစုအပေါ်အခြေခံ ပြီးတော့မှ နယ်မြေတွေကို ခွဲခြားတဲ့ ပုံစံမျိုးပေါ့နော် ပထဝီအပေါ်မှာ အခြေခံပြီးတော့ နယ်မြေခွဲခြားတဲ့ပုံစံမျိုး မဟုတ်ဘူးဗျ၊ နောက် အဲ့ဖက်ဒရယ်ကိုလည်း တဘက်က တိုင်းရင်း သားတွေ လိုလားတဲ့ပေါ့လေ၊ တိုင်းရင်းသားတွေ အားလုံး စုစုစည်းစည်းနဲ့ ရေရှည်ရပ်တည်နိုင်မည့် တဘက်က လူမျိုးတစ်မျိုးကနေပြီးတော့ အခြားလူမျိုး အပေါ်မှာ လွှမ်းမိုးဝါးမြိုမှုမရှိတဲ့ ပုံစံမျိုး အဲ့ဒါမျိုးကို လိုလားတယ်"

ဒီဆွေးနွေးပွဲက ရရှိလာတဲ့ အချက်အလက်တွေကို တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ် စနစ်နဲ့ အခြေခံမူတွေ အဖြစ် လာမည့် ၂၁ ရာစု ပင်လုံညီလာခံ အပါအဝင် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံ ဥပဒေပြင်ဆင်ရေးဆွဲရေးကိစ္စတွေမှာ အသုံးပြုမယ်လို့ ဆိုပါတယ်။

ဒီကနေ့ အစည်းအဝေးကို တိုင်းရင်းသား လူမျိုးများရေးရာစင်တာ  ENAC အဖွဲ့က စီစဉ်တာဖြစ်ပြီး နိုင်ငံတကာ ပညာရှင်တွေ၊ NCA အပစ်မရပ်ရသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က အဖွဲ့ဝင် ကိုယ်စားလှယ်တွေနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က ကိုယ်စားလှယ်တွေ တက်ရောက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org