၂၁ ရာစု ပင်လုံအောင်မြင်ရေး နိုင် ငံရေးဆွေးနွေးပွဲ မူဘောင်ပေါ် မူတည်နေ
၂၁ ရာစုပင်လုံညီလာခံ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးဟာ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် အပေါ်မူတည်နေပြီး တိုင်းရင်းသားအဖွဲ့အားလုံး လက်ခံနိုင်တဲ့ မူဘောင်ဖြစ်မလာရင် ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ဖို့ မလွယ်ဘူးလို့ UNFC ညီညွတ်သောလူမျိုးများ ဖက်ဒရယ်ကောင်စီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ခူးဦးရယ် က ပြောပါတယ်။
-
2016-07-18 -
-
-
Your browser doesn’t support HTML5 audio
၂၁ ရာစုပင်လုံညီလာခံ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးဟာ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်အပေါ် မူတည်နေပြီး တိုင်းရင်းသားအဖွဲ့အားလုံး လက်ခံနိုင်တဲ့ မူဘောင်ဖြစ်မလာရင် ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ဖို့ မလွယ်ဘူးလို့ UNFC ညီညွတ်သောလူမျိုးများ ဖက်ဒရယ်ကောင်စီ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ခူးဦးရယ် က ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC အဖွဲ့ခေါင်းဆောင်တွေ မနေ့က တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ UNFC ပြောရေးဆိုခွင့်ရှိသူ ခူးဦးရယ် က ပြောတာဖြစ်ပါတယ်။
"မူဘောင်ကိုလည်း ဘယ်လိုပါဝင်မလဲဆိုတဲ့ကိစ္စကို ကျနော်တို့ ဆွေးနွေးဖို့ရှိပါတယ်၊ ဒီမူဘောင်ကလည်း မပြီးရင် အချေမသတ်နိုင်ရင်လည်း ကျနော်တို့ မျှော်လင့်တဲ့ ညီလာခံလည်း ဖြစ်ဖို့အကြောင်း မရှိပါဘူး၊ ရှင်းရှင်းပြောရရင် ဒီညီလာခံဖြစ်ဖို့ ဒီမူဘောင်အပေါ် မူတည်ပါတယ်"
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲတွေကို အပစ်ရပ် လက်မှတ် မထိုးရသေးတဲ့ UNFC အဖွဲ့ဝင်တွေ တက်ရောက်သွားမယ် လို့လည်း ခူးဦးရယ်က ပြောပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ဟာ အရင် အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ တို့ သဘောတူရေးဆွဲထား တာဖြစ်ပါတယ်။
ဒါ့အပြင် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အားလုံးက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို တပြိုင်တည်း ကြေညာပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို တောင်းဆိုထားကြောင်းနဲ့ တပ်မတော်နဲ့ ဆက်လက်ညှိနှိုင်းပေးမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကတိပေးခဲ့တယ်လို့ ပြောပါတယ်။
မနေ့က ဆွေးနွေးပွဲမှာ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ အပါအဝင် လက်ရှိ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ် ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ၂၁ ရာစုပင်လုံညီလာခံမှာ အားလုံးပါဝင်လာနိုင်ရေး နည်းလမ်းတွေ ကို ဆွေးနွေးခဲ့တယ်လို့ ခူးဦးရယ် က ပြောပါတယ်။
လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ KIO ထိန်းချုပ်ရာ မိုင်ဂျာယန်မှာ ပြုလုပ်မယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်နိုင်ရေး အကြိုညှိနှိုင်းမှုတွေပြုလုပ်ဖို့နဲ့ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး ဘုံသဘောတူညီချက်တွေကို ဆွေးနွေးဖို့ရှိပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုသီဟထွန်းက သတင်းပေးပို့ထားတာကိုလည်း နားဆင်နိုင်ပါတယ်။