ငြိမ်းချမ်းရေး သွေဖယ် သွားနိုင်ကြောင်း UNFC သတိပေးထောက်ပြ
မြန်မာနိုင်ငံတွင်းမှာ လတ်တလောဖြစ် ပွားနေတဲ့ အစိုးရတပ်တွေရဲ့ ထိုးစစ် ဆင်မှုတွေ၊ ကျောင်းသားထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ စေ့စပ်ညှိ နှိုင်းခြင်းအားဖြင့် ဖြေရှင်းဆောင်ရွက်ဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
-
2015-01-28 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံတွင်းမှာ လတ်တလောဖြစ်ပွားနေတဲ့ အစိုးရတပ်တွေရဲ့ ထိုးစစ်ဆင်မှုတွေ၊ ကျောင်းသားထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် ဖြေ ရှင်းဆောင်ရွက်ဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဒီကနေ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတွင်း လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေ ဟာ ဒေသတွင်းငြိမ်းချမ်းရေးကို ထိခိုက်လာစေနိုင် တဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်ကြောင်း UNFC ရဲ့ အထွေထွေအတွင်းရေးမှူး ခူးဦးရယ် က ပြောပါတယ်။
"ကျနော်တို့ စိုးရိမ်တဲ့အနေအထားကတော့ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးတဲ့ အခြေအနေတွေကို ဒီဖြစ်ပေါ် မှုတွေက ဝင်ပြီးတော့ ကျနော်တို့အတွက် အဟန့်အတားဖြစ်နေတယ်လို့ ခံစားရလို့ပါ၊ ဥပမာ တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ အကြောင်းအရာဆိုလို့ရှိရင်ဗျာ လိုင်ဇာဗိုလ်သင်တန်းကျောင်းကို ဗမာ့တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ ကိစ္စလိုမျိုးတွေ၊ ဒါလည်းပဲ ကျနော်တို့အတွက် အဟန့်အတားဖြစ်စေတဲ့ သဘောမျိုးရှိတယ်၊ ဒီအတွက်လည်း ကျနော်တို့ဖက်က တောင်းဆို ထားတာလည်းရှိပါတယ်၊ အစိုးရနဲ့ တပ်မတော်ကိုပေါ့နော်၊ အဲ့ဒါလည်း ခုထက်ထိဖြေရှင်းမှု တစ်စုံတစ်ရာ မတွေ့ရသေဘူး၊ ဒီဖြစ်ပေါ်မှုတွေက ခုလိုညှိနှိုင်းဆွေးနွေးတဲ့ကာလတွေမှာ ကျနော်တို့အတွက် အဟန့် အတားဖြစ်မှာကို စိုးရိမ်တာပေ့ါဗျာ"
UNFC ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကချင်ပြည်နယ် လိုင်ဇာမြို့က ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့မှုအပေါ် ဒီကနေ့အထိ တရားဝင် ရှင်းလင်းထုတ်ပြန်ခြင်း မရှိတာတွေ၊ ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး ဖားကန့်နဲ့ ရှမ်းပြည်နယ်တွင်းမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ကချင်ခရစ်ယာန် လုပ်အားပေးဆရာမနှစ်ဦး သတ်ဖြတ်ခံရမှု၊ လက်ရှိအမျိုးသား ပညာရေးဥပဒေအပေါ် ကျောင်းသားထုရဲ့ဆန္ဒပြမှု စတာတွေနဲ့ပတ်သက်ပြီး ဒီဖြစ်စဉ်တွေဟာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ကို သွေဖည်သွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
UNFC ရဲ့ အထွေထွေအတွင်းရေးမှုး ခူးဦးရယ်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။