နေရာမချထားခင် မြန်မာနိုင်ငံဘက် လာရောက်လေ့လာခွင့်ပြုဖို့ UNHCR တိုက်တွန်း
2018.11.12
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံစိတ်ချစွာ ပြန်လာရေးကို အားပေးထောက်ခံကြောင်း မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
ဒီလို နေရပ်ပြန်ဖို့ ဆုံးဖြတ်တာဟာလည်း သူတို့ဖာသာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပြီးတာမျိုးဖြစ်သင့်ကြောင်း၊ ဒီလိုဆုံးဖြတ်နိုင်အောင် မြန်မာဘက်က အခြေအနေတွေကို ဘင်္ဂလားဒေ့ရှ်ကနေ သူတို့ကိုယ်တိုင် သွားရောက် ကြည့်ရှုတာမျိုးဟာ အကောင်းဆုံးဖြစ်ကြောင်း၊ ဒီလိုကြည့်ဖို့ကိုလည်း မြန်မာအာဏာပိုင်တွေက အစွဲကင်းကင်းနဲ့ ခွင့်ပြုပေးသင့်ကြောင်း UNHCR ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုအခြေအနေတွေ တိုးတက်လာစေဖို့ တာဝန်ဟာ မြန်မာအာဏာပိုင်တွေဘက်မှာရှိကြောင်း၊ လောလောဆယ် ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေဟာ ဆန္ဒအလျောက် ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ လုံခြုံစွာ ပြန်နိုင်မယ့် အခြေအနေရောက်နေပြီလို့ UNHCR အနေနဲ့ မယုံကြည်ကြောင်း၊ ဒါပေမဲ့ မြန်မာအစိုးရအနေနဲ့ ဒီလိုအခြေ အနေရောက်ရှိရေး ကြိုးပမ်းချက်တွေကို ဇွန်လက ချုပ်ဆိုခဲ့တဲ့ UNHCR, UNDP သုံးပွင့်ဆိုင် နားလည်မှုစာချုပ်နဲ့အညီ အမြဲထောက်ခံအားပေးသွားမှာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။