ပြည်ထောင်စုနေ့ အခမ်းအနား စတင်ကျင်းပ

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရည်ရွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့က စတင်ပြီး အခမ်းအနားတွေ ကျင်းပနေပါတယ်။

(၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ရည်ရွယ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့က စတင်ပြီး ကရင်အမျိုးသား ယဉ်ကျေးမှု ဒုံးယိမ်းပြိုင်ပွဲ အခမ်းအနား ကို ပြုလုပ်ခဲ့စဉ် Photo : RFA/Sai Htun Aung Lwin

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုလူငယ်အဖွဲ့က ဦးဆောင်ပြီး၊ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီကနေ့ မနက်က စတင်ကျင်းပနေတာ ဖြစ်ပါတယ်။

ဒီကနေ့ပွဲကို ပြည်နယ်နဲ့ တိုင်းဒေသကြီးက ကရင်အမျိုးသားယဉ်ကျေးမှု ဒုံးယိမ်းအဖွဲ့တွေက ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ကရင်ဒုံးယိမ်း ပြိုင်ပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဦးဝင်းတင် က RFA ကို အခုလို ပြောပါတယ်။

"မြန်မာပြည်မှာ သေနတ်တွေ ကိုယ်စီရှိကြတယ်၊ တိုင်းရင်းသားတွေ ဘက်ကရော၊ အစိုးရ ဘက်ကရော၊ ပြည်တွင်းစစ်တွေဖြစ်၊ တွေ့ဆုံဆွေးနွေးပွဲတို့ ဘာတို့ရှိ၊ အဲဒါနဲ့ တစ်ခါတည်း စကားများ ဖြစ်နေတာ၊ အဲဒါကြောင့် တိုင်းရင်းသားတွေရဲ့ အနုပညာတွေ ပြိုင်တာကာင်းတယ်၊ တိုင်းရင်းသားတွေ ကိုယ်ရည်ကိုယ်သွေးတွေ ပြိုင်တာကောင်းတယ်လို့ ယူဆပါတယ်၊ နောင်နှစ်တွေမှာလည်း အဲဒီကရင်တိုင်းရင်းသားတွေ တင်မကပဲနဲ့  အခြားသော တိုင်းရင်းသားလူမျိုးများရဲ့ ပြိုင်ပွဲတွေလည်း လုပ်သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်"

ဒီကနေ့ စတင်ကျင်းပတဲ့ ပြည်ထောင်စုနေ့ ဒုံးယိမ်းပြိုင်ပွဲကို ပြည်နယ်နဲ့ တိုင်းဒေသကြီး တစ်ချို့က ကရင်ဒုံးယိမ်း အကအဖွဲ့ (၂၄) ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်နေကြတာဖြစ်ပြီး ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ ပြည်ထောင်စုနေ့အထိ (၃) ရက်ကြာ ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org