စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှု အမေရိကန် မရုပ်သိမ်း

စစ်ခေါင်းဆောင်တွေနဲ့ စီးပွားရေး အပေါင်းပါတွေ အပေါ် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူတာကို အနောက်နိုင်ငံတွေအနေနဲ့ ဆက်လက် ထားရှိဖို့ ဆိုတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘောထား ကြေညာချက် အပေါ်မှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အရာရှိတဦးက RFA ကို အခုလို ပြောဆိုပါတယ်။

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ယာ) နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး (ဝဲ) တို့ အခမ်းအနားတခု တက်ရောက်နေပုံ ဖြစ်ပါသည်။(Photo: AFP) (Photo: AFP)
ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်လို့ ထိရောက်မှု ရှိမရှိဆိုတာ အမေရိကန်အစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အပါအဝင် မြန်မာအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ ဒီမိုကရေစီရေး လှုပ်ရှားနေ သူတွေ၊ တိုင်းရင်းသားတွေနဲ့ ပုံမှန် ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့အပြောင်းအလဲတွေ ဖြစ်လာဖို့ စစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးတဲ့အနေနဲ့ ဒဏ်ခတ်အရေးယူမှုကို အမေရိကန် နိုင်ငံက ဆက်လက်ထားရှိမှာ ဖြစ်တယ်လို့ အမေရိကန် အရာရှိက ပြောသွားပါတယ်။

အနောက်နိုင်ငံတွေရဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုကြောင့် စစ်အစိုးရရဲ့ စစ်ရေးစီမံကိန်း တချို့ ရပ်နားခဲ့ရတာတွေ ရှိတယ်လို့ ပြည်ပကို ရောက်နေတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းက ဆိုပါတယ်။

“နျူကလီးယား စက်ရုံအတွက် လိုအပ်တဲ့ ပစ္စည်း အစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးနိုင်ဖို့အတွက် သူတို့ စက်ရုံတွေ ဆောက်တယ်လေ။ အဲဒီ ဆောက်တဲ့ စက်ရုံတွေက သူတို့ ၅ ရုံအထိ ဆောက်မယ် ဆိုပြီးတော့ သူတို့ စီမံထားတာ ရှိတယ်။ ပထမ စက်ရုံက ပြင်ဦးလွင်မှာ၊ ဒုတိယစက်ရုံက မြိုင် ကျွန်တော် နေခဲ့တဲ့ စက်ရုံပေါ့။ အဲဒီ စက်ရုံ နှစ်ရုံအပြင်ကို သူတို့က ၅ ရုံအထိ ဆောက်မယ်လို့ သူတို့က စီမံထားတာ။ တတိယ စက်ရုံ အဲဒီ ပထိုးလုံမှာ ဆောက်မယ်လို့ သူတို့က စီမံထားတာလေ။ ဒါပေမဲ့ အဲဒီ ပထိုးလုံ စီမံကိန်းက လုံးဝ ပျက်သွားတယ်။ ပြီးတော့ ပြင်ဦးလွင်မှာ ရှိတဲ့ စက်ရုံတွေမှာ ဆိုလို့ရှိရင်လည်း သူတို့ မလုပ်နိုင်တာတွေ အများကြီး ရှိတယ်၊ ဒီ ရော့ကက် အစိတ်အပိုင်းတွေ ထုတ်လုပ်နိုင်ဖို့အတွက် သူတို့ လိုအပ်တဲ့ စက် fast axis machine တွေ ဝယ်လို့ မရတာတွေ ရှိတယ်။ အဲဒါ sanction ရဲ့ အကျိုးသက်ရောက်မှုပေါ့ဗျာ။”

စစ်အစိုးရ အုပ်ချုပ်နေတဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိတာဟာ စီမံခန့်ခွဲမှု အားနည်းချက်နဲ့ အစိုးရရဲ့ဆောင်ရွက်ချက်တွေမှာ ပွင့်လင်းမြင်သာမှု မရှိခဲ့တာကြောင့်လို့ ဗိုလ်မှူး စိုင်းသိန်းဝင်းက ပြောပါတယ်။ 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေပေမဲ့ အဂတိ လိုက်စားမှု ကင်းရှင်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစတဲ့ အခြေခံအချက်တွေ လိုအပ်နေတယ်ဆိုတာကို ထောက်ပြ ပြောဆို ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org