ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦး သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ နယ်စပ်လမ်းဂိတ်ပေါက်နားက နမ့်ခမ်းမြို့မ ပြည်သူ့စစ်စခန်းကို မနေ့ညက အမည်မသိ လက်နက်ကိုင်သုံးဦးက လာရောက်ပစ်ခတ်တာကြောင့် ပြည်သူ့စစ်ရဲဘော်သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
-
2018-12-03 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ နယ်စပ်လမ်းဂိတ်ပေါက်နားက နမ့်ခမ်းမြို့မ ပြည်သူ့စစ်စခန်းကို မနေ့ညက အမည်မသိ လက်နက်ကိုင်သုံးဦးက လာရောက်ပစ်ခတ်တာကြောင့် ပြည်သူ့စစ်ရဲဘော်သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
နယ်စပ်အပေါက်က ရဲစခန်း၊ လဝကရုံးနဲ့ ပြည်သူ့စစ်စခန်းတွေမှာ လုံခြုံရေးအဖွဲ့တွေ တာဝန်ထမ်းဆောင်နေစဉ် လဝက ရုံးအရှေ့ကနေ အမည်မသိ အရပ်ဝတ် လက်နက်ကိုင်သုံးယောက်က ပစ်ခတ်တာလို့နမ့်ခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
မူဆယ်မြို့နယ်အတွင်း နမ့်ခမ်းမြို့မ ပြည်သူ့စစ်စခန်းဟာ မကြာခဏ တိုက်ခိုက်ခံနေရကြောင်းလည်း ပြောပါတယ်။
နမ့်ခမ်းမြို့မ ပြည်သူစစ်အဖွဲ့အနေနဲ့ နယ်မြေလုံခြုံရေး တိုက်ခိုက်ရေးတွေမှာ တပ်မတော်နဲ့ ပူးပေါင်းပါဝင်တာ၊ အစိုးရအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကြောင့် တခြား လက်နက်ကိုင်အဖွဲ့တွေက အငြိုးထားပြီး အခုလို တိုက်ခိုက်တာ ဖြစ်နိုင်ကြောင်း နမ့်ခမ်းမြို့မ ပြည်သူ့စစ် တာဝန်ရှိသူက RFA ကို အခုလိုပြောပါတယ်။
"မနေ့ညက ပစ်ခတ်မှုဖြစ်ပြီးတော့ မြို့မ ပြည်သူ့စစ်က ၃ယောက် ကျတယ်၊ ၂ယောက် ဒဏ်ရာရတယ်။ ဘာကြောင့်အဲလိုဖြစ်လဲဆိုတော့ ကျနော်တို့ မြို့မပြည်သူ့စစ်က စစ်ဆင်ရေးမှာဆိုလည်း ပါတယ်၊ နယ်မြေလုံခြုံရေးဆိုလည်း ပါတယ်၊ မြို့တွင်း လုံခြုံရေးမှာလည်း ပါတယ်။ အစစအရာရာမှာ ကျနော်တို့က တပ်မတော်နဲ့ရော ဌာနဆိုင်ရာ ပေါင်းစုံနဲ့ရော လက်တွဲပြီးလုပ်နေတဲ့အတွက် အခုလိုပစ်တယ်လို့ ယူဆတယ်"
ပစ်ခတ်ခံရမှုကြောင့် နေရာမှာတင် သေဆုံးသွားသူ သုံးဦးကို ဒီနေ့ နေ့လည် ၁ နာရီ ဝန်းကျင်က သဂြိုလ်ခဲ့ပြီး သေနတ်ထိမှန်မှုကြောင့် ပေါင်နဲ့ ဦးခေါင်းတို့မှာ ထိခိုက်ဒဏ်ရာရခဲ့သူနှစ်ဦးကတော့ မူဆယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ အဲဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေကို မူဆယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ မူဆယ်မြို့ ဂရုဏာ လူမှုကူညီရေးအသင်းက ဦးသောင်းထွန်းက ပြောပါတယ်။
"ဆယ်နာရီလောက်မှာ ဂရုဏာအသင်းက တိုက်ပွဲဖြစ်တဲ့နေရာကို သွားလိုက်တယ်။ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ အရပ်ဝတ် သုံးယောက်က နမ့်ခမ်းမြို့မ ပြည်သူ့စစ် ကင်းစခန်းကို ပစ်ခတ်တာ။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ခဲ့တယ် သေဆုံးတဲ့ ၃ ယောက် အလောင်းကို မီးသဂြိုလ်ပြီး ပြန်လာတာ။ ကျင်စန်းကျော့ လမ်းကြောင်းကတော့ အရင်ကတည်းကလည်း ဖြစ်ဖူးတယ်။ ခဏခဏ ဖြစ်ဖူးတယ်ဗျ"
ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာ အခုချိန်ထိ မသိရသေးဘဲ ဒီကိစ္စကို တပ်မတော်က ကိုင်တွယ်ဆောင်ရွက်နေပြီး လတ်တလော မူဆယ်မြို့ကိုလည်း လုံခြုံရေး ချထားဆောင်ရွက်ထားတယ်လို့ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန် က ပြောပါတယ်။
"ပြည်သူ့စစ်ဆိုတော့ တပ်ကပဲ ကိုင်လိမ့်မယ်ဗျ။ ကျနော်တို့ဘက်ကတော့ လက်ရှိရထားတဲ့ သတင်းနဲ့ တပ်နဲ့ ပေါင်းစပ်ပြီးလုပ်ဖို့ပဲ လုပ်ထားတယ်။ လုံခြုံရေး အခြေအနေကတော့ ကျနော်တို့မှာရှိတဲ့ ရဲအင်အားနဲ့ တပ်အင်အားနဲ့ တစ်မြို့လုံးကို လုံခြုံရေးလုပ်ထားတာပေါ့။ ဒါပေမဲ့ နေရာတိုင်းကို စိုးမိုးမှုတော့ မဖြစ်နိုင်ဘူး။ တပ်ရင်းတစ်ရင်းရှိတယ်၊ မြို့နယ်တွင်းမှာရှိတဲ့ ရဲအင်အားနဲ့ သတ်မှတ်ထားတဲ့နေရာတွေမှာ သူ့ပုံမှန်အတိုင်းလုပ်ထားတာ"
မနေ့ညက ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာနဲ့ မူဆယ်မြို့ဟာ ၉ မိုင်နီးပါး ဝေးတယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ် မေလ ၁၂ ရက်တုန်းကလည်း မူဆယ်မြို့နယ်အတွင်းက နမ့်ခမ်းမြို့မ ပြည်သူ့စစ်စခန်း နဲ့ ပန်ခမ်း တံတား ရဲကင်းစခန်းတွေကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒုရဲအုပ် တစ်ဦး ပြည်သူ့စစ်အဖွဲ့ ၇ ဦး အပါအဝင် အရပ်သားအချို့ သေဆုံးမှုရှိခဲ့ပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့ထားတာပါ။