စစ်ဘေးဒုက္ခသည် ရှစ်သိန်းခြောက်သောင်းကျော်လာကြောင်း UN OCHA ပြော

အာဏာသိမ်း တစ်နှစ်ခွဲကျော်အတွင်း စစ်ဘေးဒုက္ခသည် ရှစ်သိန်းခြောက်သောင်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ဇူလိုင်လ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှ စစ်ဘေးဒုက္ခသည်တချို့အား တွေ့ရစဉ် Photo: Ko Bo Bo

အာဏာသိမ်း တစ်နှစ်ခွဲကျော်အတွင်း စစ်ဘေးဒုက္ခသည် ရှစ်သိန်းခြောက်သောင်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ဇူလိုင်လ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ဘေးဒုက္ခသည် ရှစ်သိန်းခြောက်သောင်းကျော် (၈၆၆,၄၀၀) ထဲမှာ စစ်ကိုင်းတိုင်းထဲက လေးသိန်းခုနစ်သောင်း (၄၇၀,၀၀၀) နဲ့ အများဆုံးပါဝင်နေပြီး ကရင်ပြည်နယ်က ရှစ် သောင်းကျော် (၈၂,၄၀၀) နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

UN OCHA ရဲ့ စာရင်းအရ မကွေးတိုင်းမှာ စစ်ဘေးဒုက္ခသည် ရှစ်သောင်းနီးပါး (၇၉,၂၀၀) ရှိသလို ကယားပြည်နယ်ထဲမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ခုနစ်သောင်းခွဲနီးပါး (၇၄,၅၀၀) ရှိပါတယ်။

ကျန်တဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်း၊ ပဲခူးတိုင်း အရှေ့ပိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့က ဖြစ်တယ်လို့ UN OCHA က ဖော်ပြထားပါတယ်။

အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် စုစုပေါင်း ၁၂ သိန်းကျော် အတွက် အကူအညီတွေ လိုအပ်နေသလို လက်ရှိမှာ ၁၃ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၁၀၆ သန်းဖိုးသာ ထောက်ပံ့ထားနိုင်တယ်လို့ UN OCHA က ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁ ဒသမ ၆ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့ရသလို ငွေကြေးဖောင်းပွမှု ၁၈ ရာခိုင်နှုန်း ရောက်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ကို ကိုးကားပြီး UN OCHA က ဖော်ပြပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ စစ်အာဏာသိမ်း တစ်နှစ်ခွဲပြည့်တဲ့ ဒီနေ့ မိန့်ခွန်းမှာ စစ်ဘေးဒုက္ခသည်တွေအရေး ဆောင်ရွက်ပေးဖို့ ထည့် သွင်းပြောဆိုတာမရှိဘဲ လာမယ့် ခြောက်လအတွင်း အလုပ်အကိုင်အခွင့်အလမ်း၊ ဝင်ငွေနဲ့ ဝယ်လိုအားတွေ တိုးတက်လာမယ့်အကြောင်း၊ ရွေးကောက်ပွဲလုပ်မယ့်အကြောင်းတွေပဲ ပြောသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org