မြန်မာပြည်ရဲ့ သုံးပုံနှစ်ပုံမှာ တိုက်ပွဲတွေဖြစ်နေပြီး အရေးပေါ် အကူအညီ လိုနေကြောင်း UNODC ထုတ်ပြန်
အောက်တိုဘာလကုန်မှာစခဲ့တဲ့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့တိုက်ပွဲဟာ နိုင်ငံသုံးပုံးနှစ်ပုံကို ပျံ့နှံ့သွားသလို လူခြောက်သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးရတယ်လို့ UNOCHA အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
-
RFA Burmese
2023-12-09 -
-
-
သိန္နီမြို့နယ်အတွင်းကနေ လားရှိုးမြို့ပေါ်သို့ ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။
ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်မှာစခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့တိုက်ပွဲဟာ နိုင်ငံရဲ့ သုံးပုံးနှစ်ပုံကို ပျံ့နှံ့သွားသလို လူဦးရေ ခြောက်သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မနေ့ကထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီထဲမှာ တချို့က နေရပ်ပြန်ကြတာရှိသလို၊ တချို့က အကြိမ်ကြိမ် ထွက်ပြေးရတာတွေလည်းရှိပြီး ဆက်သွယ်ရေးစနစ်တွေလည်း ပြတ်တောက်နေတဲ့အတွက် လူ ဘယ်လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရသလဲဆိုတာ အတိအကျ ပြောနိုင်ဖို့ ခက်တယ်လို့ UNOCHA အဖွဲ့က ဆိုပါတယ်။
အဲဒီအပြင် ဒီတစ်လခွဲအတွင်း အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အရပ်သား ၃၆၃ ယောက် သေဆုံးရပြီး၊ ၄၆၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေ၊ လေကြောင်းကနေ တိုက်တာတွေ၊ မြေမြှုပ်မိုင်း ထောင်တာတွေ၊ တရားလက်လွတ် ဖမ်းတာတွေ၊ လမ်းတွေ ပိတ်ဆို့တာတွေ ဆက်ဖြစ်နေလို့ လူတွေရဲ့ အသက်အန္တရာယ် ပိုများနေသလို၊ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်တာရော၊ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံမယ့်နေစရာတွေပါ ပိတ်ပင် တားမြစ်ခံနေရတယ်လို့ UNOCHA အဖွဲ့က ပြောပါတယ်။
ဒါကြောင့် စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အခုအချိန်အထိ အိုးအိမ်စွန့်ပြီး ထွက်ပြေးရတဲ့ ပြည်တွင်းဒုက္ခသည် နှစ်သန်းကျော်ပြီလို့ ဆိုပါတယ်။ ဒီလူတွေကို လက်တွေ့ကျကျ ကူညီဖို့ ခက်ခဲနေသလို၊ ရန်ပုံငွေရော ထောက်ပံ့မယ့် ဆေးဝါး၊ အစားအသောက်နဲ့ နေရာထိုင်ခင်းအတွက် ပစ္စည်း မလုံလောက်တာပါ ကြုံနေရတယ်လို့ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံက လူ လေးသန်းခွဲကို ကူညီဖို့ အမေရိကန် ဒေါ်လာ ၈၈၇ သန်း ရှာဖွေခဲ့ပေမယ့် ၂၉ ရာခိုင်နှုန်းပဲ ရခဲ့တယ်လို့လည်း UNOCHA က ပြောပါတယ်။ ကုလသမဂ္ဂ အရေးပေါ် ကူညီရေး ရန်ပုံငွေအဖွဲ့ကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဒေါ်လာ ခုနစ်သန်း အတည်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာကိုကူညီဖို့ ရန်ပုံငွေ အရေးတကြီး လိုအပ်နေပါတယ်လို့ UNOCHA က ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ အခု ၂၀၂၃ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်း သတ်ဖြတ်ခံရတဲ့ လူဦးရေ လေးသိန်းခွဲကျော် ရှိခဲ့ပြီး၊ အဲဒီလူတွေဟာ နိုင်ငံရေးအရ အကြမ်းဖက်မှုတွေဖြစ်နေတဲ့ မြန်မာနဲ့ အီကွေဒေါလို နိုင်ငံတွေက ဖြစ်တယ်လို့ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး UNODC ရဲ့ သောကြာနေ့က ထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။