လုံခြုံရေး စိတ်မချရတာကြောင့် ထီးချိုင့်က စစ်ဘေးဒုက္ခသည် ငါးသောင်းကျော် နေရပ်မပြန်နိုင်သေး

ထီးချိုင့်မြို့မှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပြီးနောက် မြို့ပေါ်နဲ့ မြို့အနီးအနားက ရွာတွေကနေ ထွက်ပြေးခဲ့ရတဲ့ ဒေသခံငါးသောင်းကျော် အခုထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့ ၊ စံပြရပ်ကွက်၊ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ် အဆောက်အအုံများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Tigyaing Revolution -TR

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ နိုဝင်ဘာလ ၈ ရက်ကစလို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပြီးနောက် မြို့ပေါ်နဲ့ မြို့အနီးအနားက ရွာတွေကနေ ထွက်ပြေးခဲ့ရတဲ့ ဒေသခံ ငါးသောင်းကျော် အခုထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့ အနီးအနားဝန်းကျင်ကို စစ်ကောင်စီတပ်က နေ့စဉ် လေကြောင်း တိုက်ခိုက်မှု လုပ်နေသလို မြို့ပေါ်ရပ်ကွက်က နေအိမ်တွေလည်း မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့် မြို့ခံတစ်ဦးကတော့ ထီးချိုင့်မြို့ကို ဝင်ပြီးရင် စစ်ကောင်စီတပ်က ထွက်ခွာခွင့် မပေးတာ၊ လုံခြုံရေး အခြေအနေ စိုးရိမ်တာတွေကြောင့် နေရပ်မပြန်ကြတာလို့ RFA ကို ပြောပါတယ်။

“ထီးချိုင့်မြို့ပေါ်မှာ နေရာ တော်တော်များများက မီးလောင်ထားတယ်။ ပြီးတော့ မြို့ထဲကိုဝင်ပြီးရင် ပြန်ထွက်လို့ မရဘူး၊ ထွက်ပြီးရင်လည်း ပြန်ဝင်လို့မရဘူး အဲဒီလို ဖြစ်နေတာ။ အခုတော့ ရွာတွေမှာ အစုလိုက်လေးတွေစုပြီး နေကြရတာပေါ့။ ပြန်လို့လည်း မရဘူးလေ”

ဒီဇင်ဘာလ ၂ ရက် ဒီနေ့ နေ့လယ်ကလည်း စစ်ကောင်စီက ထီးချိုင့်မြို့အနီးကို လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် လုပ်ခဲ့သလို သရက်မှော် ရပ်ကွက်မှာလည်း မီးတွေ လောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့အနီးမှာ နိုဝင်ဘာလ ၃၀ ရက်ကစလို့ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲ ပြန်ဖြစ်လာပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ဆက်တိုက် လုပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ထီးချိုင့်မြို့နယ်မှာ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် အရပ်သား နှစ်ဆယ်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အခြေအနေ အသေးစိတ်ကို မသိရသေးတဲ့အကြောင်းသာ ဖြေဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ထီးချိုင့်မြို့ကို နိုဝင်ဘာလ ၁၂ နေ့ကတည်းက ပြန်လည် ထိန်းချုပ်ထားနိုင်ပြီလို့ နိုဝင်ဘာလ ၁၃ ရက်မှာ ကြေညာခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org