ကုလအထူးကိုယ်စားလှယ် လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးအစီရင်ခံ
လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အကောင်အထည်ဖော်ဖို့ သူ့ရဲ့ကြိုးပမ်းမှု၊ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရာမှာ ကုလသမဂ္ဂရဲ့ ပံ့ပိုးကူညီမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြမယ်လို့ ပြောပါတယ်။
- 2023-03-13
-
-
-
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ (Noeleen Heyzer) ဟာ မတ်လ ၁၃ ရက်နေ့ ညနေပိုင်းက လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အစီရင်ခံ တင်ပြခဲ့ပါတယ်။
တံခါးပိတ်အစည်းအဝေးမှာ ဆွေးနွေးပြောဆိုချက်တွေကို အတိအကျမသိရပေမယ့် ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလမှာ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကိုအကောင်အထည်ဖော်ဖို့ သူ့ရဲ့ကြိုးပမ်းမှု၊ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရာမှာ ကုလသမဂ္ဂရဲ့ ပံ့ပိုးကူညီမှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီကို ရှင်းလင်းတင်ပြမယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stephane Dujarric ကပြောဆိုခဲ့ပါတယ်။
အဲဒီလိုတင်ပြရာမှာ လက်ရှိအခြေအနေ သုံးသပ်ချက်၊ အထူးကိုယ်စားလှယ်နဲ့ အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာ့အရေး အဓိကသက်ဆိုင်သူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေမှုတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အပြည့်အဝပေးခွင့်ရဖို့၊ ရိုဟင်ဂျာတွေရဲ့ ပညာရေး၊ အမျိုးသမီးရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပါအဝင် အခြားအရေးကြီးတဲ့ ကိစ္စရပ်တွေမှာ ပံ့ပိုးကူညီဖို့အတွက် သူ့ရဲ့ဆောင်ချက်တွေကိုလည်း ရှင်းလင်းတင်ပြမယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကတော့ ဒီတံခါးပိတ်အစည်းအဝေးမှာ ပြောဆိုတာတွေကို ထုတ်ပြန်မှာ မဟုတ်ပေမယ့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ အနေနဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာနဲ့ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် နန်းနိမ့်ရွာတွေမှာ အရပ်သားတွေကို စစ်ကောင်စီတပ်က အစုအပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုတွေအပါအဝင် မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေတွေကို ကောင်းကောင်း သိရှိနေကြပြီး ဖြစ်ပါတယ်လို့ RFA ကိုပြောပါတယ်။
အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ ဒီသီတင်းပတ်ကုန်ပိုင်းမှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အစီရင်ခံစာ တင်သွင်းမယ်လို့ သိရပါတယ်။