စုံစမ်းစစ်ဆေးဖု့ိ နည်းလမ်း ၂ ခု ကုလအဖွဲ့ ပြောကြား
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်မှာ အင်္ဂါနေ့ မနေ့ညနေ ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန် ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မြန်မာအစိုးရအနေနဲ့ တာဝန်ခံပြီး သင့်တော်သလို စုံစမ်းစစ်ဆေးရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
-
2018-05-02 -
-
-
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်မှာ အင်္ဂါနေ့ မနေ့ညနေကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မြန်မာအစိုးရအနေနဲ့ တာဝန်ခံပြီး သင့်တော်သလို စုံစမ်းစစ်ဆေးရမှာဖြစ်တယ် လို့ ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Karen Pierce ကယ်ရင် ပီးယာ့စ် က အခုလို ပြောဆို ခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုတွေကို နည်းနာ ၂ ခုနဲ့ဆောင်ရွက်နိုင်ပါတယ်။ ပထမတခုကတော့ ICC နိုင်ငံတကာပြစ်မှု ခုံရုံးကို လွှဲပြောင်းပေးခြင်းနဲ့ ဒုတိယနည်းကတော့ မြန်မာအစိုးရကိုယ်တိုင် စုံစမ်းစစ်ဆေးခြင်းပါပဲလို့ ပီယာ့စ် က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လိုအပ်တဲ့စုံစမ်းမှုတွေ ဆောင်ရွက်မယ်လို့ ကတိပေးခဲ့ကြောင်းလည်း သူမက ပြောဆိုပါတယ်။
ကူဝိတ်နိုင်ငံ ကိုယ်စားလှယ် Mansour Al-Otaibi မန်စူး အယ်လိုတိုင်ဘီ ကလည်း မိမိတို့အနေနဲ့ မြန်မာအစိုးရ ကို တောင်းဆိုမှု အသစ်အဆန်းတွေပြုလုပ်နေတာ မဟုတ်ပါဖူး။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခုဖြစ် တာနဲ့အညီ လိုက်နာဆောင်ရွက်ရမယ့် တာဝန်တွေရှိပါတယ်။ ဒုက္ခသည်တွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လုံခြုံစွာနဲ့ သိက္ခာရှိစွာ ပြန်လည်နေရာချထားပေးရမှာဖြစ်တယ်လို့ ပြောပါတယ်။
မနေ့မနက်ပိုင်းမှာ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ က ဒုက္ခသည်တွေ သူတို့မူလနေထိုင်ရာဒေသတွေကို အမြန်ဆုံးပြန်လည် အခြေချနေထိုင်နိုင်ရေးအတွက် ကူညီလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ကျေးရွာတွေကို လှည့်လှည်ကြည့်ရှုပြီး ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်စတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ ဧပြီလ ၃ဝ ရက်နေ့က တွေ့ဆုံရာမှာ မြန်မာနိုင်ငံအနေနဲ့ စိစစ်ပြီးသူတွေကို ပြန်လည်လက်ခံဖို့ အသင့်ဖြစ်ကြောင်းနဲ့ ဒီကိစ္စမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။
တရက်တည်းမှာပဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း စွပ်စွဲခံနေရတဲ့ လိင်အကြမ်းဖက်မှုတွေကို မိမိတို့ယဉ်ကျေးမှုနဲ့ ကိုးကွယ်တဲ့ ဘာသာအရ စက်ဆုပ်ဖွယ် အပြုအမူအဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူအပြစ်ပေးလျက် ရှိကြောင်း ကုလအဖွဲ့နဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။