ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီတပ်တွေ ဆုတ်ခွာပေးဖို့ UPWC တိုက်တွန်း

ရှမ်းပြည်မြောက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွား ရာနေရာတွေမှာရှိနေတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရဲ့ တပ်တွေ ပြန်လည် ဆုတ်ခွာပေးဖို့ UPWC အဖွဲ့ဝင် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦးက ဒီနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ RCSS/SSA ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံရာမှာ တိုက်တွန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖေဖော်ဝါရီလ ၂၂ နေ့က UPWC ဒု-ဥက္ကဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ RCSS အဖွဲ့ခေါင်းဆောင်တွေကို မြင်ရစဉ် Photo: Aung Moe Myint/ RFA

ရှမ်းပြည်မြောက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာရှိနေတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရဲ့ တပ်တွေ ပြန်လည်ဆုတ်ခွာပေးဖို့ UPWC အဖွဲ့ဝင် အငြိမ်းစားဒုတိယ ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦးက ဒီနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ RCSS/SSA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ တိုက်တွန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်က UPWC နဲ့ RCSS/SSA တို့ နှစ်ဖက်ဆွေးနွေးမှုတွေကို အခုလိုပြောပါတယ်။

"တပ်မတော်ကတော့ ဒီနေ့ဦးခင်ဇော်ဦးရယ်၊ RCSS ရယ်၊ သူတို့ပြန်ပြီးတော့ ပဋိပက္ခဖြစ်နေတဲ့နေရာတွေ ကနေခွာပေးဖို့ ဆိုတဲ့ဟာတွေကို သူတို့အဓိကပြော ပါတယ်၊ သူတို့တချိန်မှာ ထွက်ပေးရမှာပါ၊ ထွက်ပေးမယ်လို့လည်း သူတို့ဘက်ကပြောပါတယ်၊ တပ်မတော်အနေနဲ့ လုံခြုံရေးယူပေးဖို့အတွက်ကို စီစဉ်နေတာတွေ ရှိတဲ့အတွက်ကြောင့် NCA အပေါ်မှာလိုက်နာပေးဖို့ကိုတော့ တပ်မတော်ဘက်က တိုက်တွန်းထားပါတယ်"

ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ဘက်က ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ တပ်မတော်ဘက်က အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင်တွေ၊ RCSS/SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းမိဏ်းတို့ဟာ မနေ့ညက ဆွေးနွေးဖို့ ကျန်တာတွေကို ဒီနေ့ မနက် ဆက်လက်ဆွေးနွေးကြ တာဖြစ်ပါတယ်။

တပ်မတော်ဖက်က ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း လုံခြုံရေးယူဖို့ စီစဉ်တာတွေ ရှိနေပြီး အပစ်ခတ်ရပ်စဲရေး လက်မှတ်မရေးထိုးရသေးတဲ့ တအာင်း လွတ်မြောက်ရေး တပ်မတော် PSLF/TNLA နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးရေးအတွက် ညှိနှိုင်းလိုတဲ့ သဘောရှိကြောင်းချပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အစိုးရနဲ့ တပ်မတော်ဘက်က အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ RCSS နဲ့ အပစ်ရပ်လက်မှတ် မရေးထိုးရသေးတဲ့ TNLA တပ်တွေကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လိုပြီး တိုင်းရင်းသားတွေကြား တန်းတူညီမျှ ဆက်ဆံသွားဖို့ရှိတဲ့အကြောင်း ဆွေးနွေးကြခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ သီပေါနဲ့ နမ့်မတူမြို့တွေမှာ TNLA နဲ့ RCSS/SSA တို့ကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲအတွင်း RCSS/SSA ဘက်က တပ်မတော်သား ၂၀ ခန့် ကျဆုံးခဲ့သလို TNLA ဘက်က ၁၀ ဦးခန့် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org