ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင်လေးဦးကို အမေရိကန် ပိတ်ဆို့အရေးယူ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ဗိုလ်ချုပ် လေးဦးကို နာမည်ပျက်စာရင်းသွင်းပြီး ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
-
2019-12-10 -
-
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ဗိုလ်ချုပ် လေးဦးကို နာမည်ပျက်စာရင်းသွင်းပြီး ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ်သန်းဦးနဲ့ ဗိုလ်မှူးချုပ် အောင်အောင် တို့ကို ပိတ်ဆို့အရေးယူလိုက်တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင်းက လူနည်းစု တိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွဲချက်တွေအတွက် အခုလို အရေးယူလိုက်တာလို့ ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အရပ်သားဦးဆောင်တဲ့ စီးပွားရေးပြုပြင်ပြောင်းရေးနဲ့၊ စစ်တပ်ကို အရပ်သားအစိုးရက ထိန်းချုပ်နိုင်ရေးတို့အတွက် အမေရိကန်ရဲ့ကြိုးပမ်းမှုကို အထောက်အကူ ဖြစ်စေမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာ ဌာန (Office of Foreign Assets Control) က ထုတ်ပြန်ထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လူပေါင်းငါးသိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတဲ့ ရခိုင်ပြည်နယ်က ရက်စက်ကြမ်းကြုပ်တဲ့ စစ်ဆင်ရေးတွေမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အဓိကတာဝန်ရှိသူ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အလားတူပဲ တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်သန်းဦး၊ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်အောင်အောင် တို့ဟာလည်း ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အသီးသီး တာဝန်ရှိသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးကတော့.. မြန်မာစစ်တပ် ခေါင်းဆောင်တွေကို အမေရိကန်က ပိတ်ဆို့ အရေးယူလိုက်တဲ့အပေါ် အခုလို မှတ်ချက်ချ ပြောဆိုပါတယ်။
“ဒီလိုမျိုးဖြစ်လာမယ်လို့ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေက ကြိုတင်တွက်ပြီးသားလည်း ဖြစ်နေမှာပါ။ တိုက်ရိုက်ထိခိုက်မှု ဘာရှိနိုင်လဲဆိုတော့.... နိုင်ငံခြားမှာဖွင့်ထားတဲ့ သူတို့ရဲ့ ငွေစာရင်းတွေ၊ ဒေါ်လာငွေကြေး စီးဆင်းမှုတွေ ရပ်တန့်သွားအောင် ပိတ်ဆို့လိုက်တဲ့ ပုံစံမျိုး ဖြစ်လာနိုင်တာပေ့ါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေက မိန်းမတွေ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေ စတဲ့နာမည်တွေနဲ့ ထားတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ ဒီဥစ္စာက သိပ်ပြီးတော့ ထိရောက်မှု ရှိလိမ့်မယ်လို့ ကျနော်မထင်ဘူး။ ဒါပေမဲ့ ပုံရိပ်တော့ ပျက်စီးတာပေါ့နော်”
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကလည်း ဒီစစ်တပ်ခေါင်းဆောင်လေးဦးနဲ့ သူတို့ရဲ့မိသားစုဝင်တွေ အမေရိကန် လာရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။