ပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ရေး အမေရိကန် စောင့်ကြည့်နေ
အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ပိုမိုလျှော့ပေါ့ပေးဖို့နဲ့ မကြာခင်မှာ သံအမတ်အကြီးအဆင့် ပြန်ခန့်အပ်ဖို့ စောင့်ကြည့်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက် အထူးကိုယ်စားလှယ် မစ္စတာ ပက်ထရစ် မာဖေး (Patrick Murphy) က ပြောလိုက်ပါတယ်။
-
2012-05-12 -
-
-
ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေတဲ့ မြန်မာအစိုးရနဲ့ ထဲထဲဝင်ဝင် ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
ဒါပေမယ့် မြန်မာအစိုးရက ဆောင်ရွက်မယ်လို့ ကတိပေးထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေထဲမှာ တိုးတက်အောင် ဆောင်ရွက်ရမယ့်ကိစ္စတွေ ကျန်နေသေးတယ်လို့ မစ္စတာ မာဖေးက ပြောပါတယ်။
အရေးယူပိတ်ဆို့မှု Sanction ပိုပြီး လျှော့ပေးနိုင်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဌာနဟာ အမေရိကန်လွှတ်တော် အပါအဝင် သက်ဆိုင်ရာ အစိုးရအရာရှိတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မိမိတို့ ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုအားလုံး ဖော်ပြပြီး၊ ဒီဟာတွေကို ဘယ်လိုလျှော့ပေးနိုင်မလဲ ဆိုတာ လေ့လာဆောင်ရွက်ဖို့ ရှေ့နေ အယောက် ၂၀ ပါတဲ့အဖွဲ့ လိုအပ်တယ်လို့လည်း မစ္စတာ ပက်ထရစ် မာဖေး က ပြောပါတယ်။