ပြုပြင်ပြောင်းလဲရေးလုပ်ရင် မိတ်ဆွေဖြစ်လာဖို့ အဆင်သင့်ဖြစ်ကြောင်း ကလင်တန်ပြောကြား
မြန်မာအစိုးရက ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်တယ်ဆိုရင် အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ မိတ်ဆွေနိုင်ငံ ဖြစ်လာဖို့ အဆင်သင့်ပါပဲလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားလိုက်ပါတယ်။
-
2011-11-10 -
-
-
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်။ (Photo: AFP)
(Photo: AFP)
အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူမြို့မှာ ကျင်းပမဲ့ အာရှ ပစိဖိတ် ဒေသဆိုင်ရာ ထိပ်သီး ညီလာခံ မတိုင်မီ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက အခုလို
ထည့်သွင်း ပြောကြားလိုက်တာပါ။
မြန်မာအစိုးရက မြန်မာပြည်သူတွေ အတွက် ပြုပြင် ပြောင်းလဲရေးကို အစစ်အမှန် အခိုင်အမာ လုပ်မယ်ဆိုရင် အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေ ဖြစ်လာမှာ ဖြစ်ကြောင်း၊ ဆယ်စုနှစ်များစွာ အတွင်း
ပထမဆုံး ဆိုသလို မြန်မာနိုင်ငံမှာ အပြောင်းလဲတွေ အများအပြား လုပ်ဆောင်လာတာကို ချီးကျူးကြောင်း၊ တစ်ချိန်ထဲမှာပဲ မေးခွန်း ထုတ်စရာတွေလည်း ရှိနေသေးကြောင်း မစ္စစ်ကလင်တန်က ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး အကျဉ်းချ ထားမထား၊ အခု ပြုပြင် ပြောင်းလဲရေးတွေဟာ ရေရှည် တည်တံ့မှု ရှိနိုင် မရှိနိုင်၊ မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေမှာ တိုင်းရင်းသား ဒေသတွေက
ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စ ပါမပါဆိုတဲ့ မေးစရာတွေ ရှိနေဆဲပါပဲလို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ထောက်ပြပါတယ်။
၂၀၀၉ ခုနှစ်က စပြီး မြန်မာ အစိုးရနဲ့ အမေရိကန် နိုင်ငံ ထိတွေ့ ဆက်ဆံခဲ့ပါတယ်။ မြန်မာ အစိုးရက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်မယ့် လက္ခဏာတွေ တွေ့ရပြီး မကြာခင် လပိုင်းက သံတမန်ရေး အရ
ဆက်ဆံမှုတွေ တိုးမြှင့်ခဲ့ပြီး ဒီထက်မက တိုးပြီး ပြောင်းလဲရင် အမေရိကန်ဘက်က တိုးပြီး ဆက်ဆံ ဆောင်ရွက်မယ်လို့ အထူး ကိုယ်စားလှယ်ကလည်း ပြောခဲ့ပါတယ်။