မြန်မာအတိုက်အခံတွေကို အမေရိကန် လက်နက်ထောက်ပံ့ဖို့ အစီအစဉ်မရှိသေး
အမေရိကန်အနေနဲ့ မြန်မာနိုင်ငံက အကြမ်းဖက်ပဋိပက္ခတွေ ပိုဆိုးမလာစေချင်တဲ့အတွက် စစ်လက်နက်ပစ္စည်း အကူအညီပေးအပ်ဖို့ မရှိသေးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက် (Derak Chollet) က ပြောပါတယ်။
-
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023-03-03 -
-
-
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့တွေကို စစ်လက်နက်ပစ္စည်း အကူအညီပေးအပ်ဖို့ မရှိသေးတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက် (Derak Chollet) က RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။
အမေရိကန်အနေနဲ့ မြန်မာနိုင်ငံက အကြမ်းဖက်ပဋိပက္ခတွေ ပိုဆိုးမလာစေချင်တဲ့အတွက် ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံအင်အားစုတွေကို အရည်အသွေးမြှင့်တင်ပေးတဲ့ အပိုင်း၊ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီ ပေးတဲ့အပိုင်းတွေကိုပဲ စူးစိုက်လုပ်ဆောင်နေတယ်လို့ ဒဲရစ်ချောလက်က ပြောပါတယ်။
ဒီမိုကရေစီအင်အားစုတွေ စီမံအုပ်ချုပ်ရေး လုပ်ငန်းတွေလုပ်နိုင်ဖို့၊ ပြည်သူတွေကို အသိပညာပေးနိုင်ဖို့ အရည်အသွေးမြှင့်တင်ပေးတဲ့ အကူအညီတွေ ပေးအပ်နေပါတယ်လို့လည်း ပြောပါတယ်။
အမေရိကန်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိတွေ့ဆက်ဆံနေကြောင်း၊ ဝါရှင်တန်ဒီစီမှာလည်း NUG ရုံးခန်း ဖွင့်လှစ်ထားပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ဒီမိုကရေစီအင်အားစုတွေ၊ အထူးသဖြင့် NUG အစိုးရနဲ့ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ထိတွေ့ဆက်ဆံတဲ့ လမ်းကြောင်းတွေ ဖွင့်ထားကြဖို့ အမေရိကန်ရဲ့ မိတ်ဖက်နိုင်ငံတွေကို တိုက်တွန်းနေကြောင်းလည်း ဒဲရစ်ချောလက်က ထည့်သွင်းပြောသွားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်နဲ့ RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းကို မကြာခင် ထုတ်လွှင့်ပေးပါမယ်။