အမေရိကန်နိုင်ငံသားတွေ မနက်ဖြန် အပြင်မထွက်ဖို့ သံရုံးသတိပေး

ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ဖြန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်မယ့် အသံတိတ်သပိတ်နေ့မှာ မြန်မာနိုင်ငံမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေအားလုံး အပြင်မထွက်ကြဖို့နဲ့ ခရီးသွားလာတာ မလုပ်ဖို့ အဆင့် ၄ ရှိတဲ့ သတိပေးချက်ကို ဒီနေ့မှာပဲ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့က အမေရိကန်သံရုံးဝင်ပေါက်ကို ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ရစဉ် Photo: AFP

ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ဖြန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မယ့် အသံတိတ်သပိတ်နေ့မှာ မြန်မာနိုင်ငံမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေအားလုံး အပြင်မထွက်ကြဖို့နဲ့ ခရီးသွားလာတာ မလုပ်ဖို့ အဆင့် ၄ ရှိတဲ့ သတိပေးချက်ကို ဒီနေ့မှာပဲ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

သံရုံးအနေနဲ့ တိကျသေချာတဲ့ သတင်းအချက်အလက်တွေ မရထားပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ စစ်ကောင်စီအပေါ် လက်တုံ့ပြန်မှုတွေနဲ့ ဆန္ဒပြမယ့် ပြည်သူတွေအပေါ် စစ်ကောင်စီဘက်က ပြန်လည်ဖြိုခွဲနိုင်တာတွေ ဖြစ်လာ နိုင်တာကြောင့် နေအိမ်မှာပဲနေကြဖို့ အကြံပြုတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မကြာသေးခင်ကဖြစ်ပေါ်ခဲ့တဲ့ ရန်ကုန်မြို့က ပေါက်ကွဲမှုတွေနဲ့ တိုက်ခိုက်မှုတွေဟာ အမေရိကန်နိုင်ငံသားတွေ အတွက် ဆိုးရွားတဲ့ခြိမ်းခြောက်မှုဖြစ်နေပြီး အခုထက်လည်း ပိုများလာနိုင်တာကြောင့် အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေကို သွားလာတာ ဆင်ခြင်ကြဖို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် ကိုယ်ရေးကိုယ်တာ လုံခြုံရေးနဲ့ဆိုင်တဲ့ အစီအစဉ်တွေကို ပြန်လည်သုံးသပ်ပြီး အချင်းချင်း အဆက် အသွယ်မပျက်ကြဖို့နဲ့ ဒေသတွင်းအခြေအနေတွေကို စောင့်ကြည့်ကြဖို့၊ အမိုးအကာ၊ အစားအစာနဲ့ ရေတွေ လည်း လုံလုံလောက်လောက် ထားရှိကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အရေးပေါ် အကျပ်အတည်းတစ်ခုဖြစ်လာရင် သံရုံးနဲ့ အချိန်နဲ့တပြေးညီ အဆက်သွယ်မရဘဲ ပြတ်တောက်နိုင် တာကြောင့် ဆက်သွယ်ရေးအစီအစဉ်တွေကို ကြိုတင်စီစဉ်ထားဖို့နဲ့ မိသားစုနဲ့ အပေါင်းအသင်းတွေကိုလည်း ကြိုတင်အကြံပေးထားဖို့ စတာတွေလည်း ပါဝင်ပါတယ်။

လက်ရှိထုတ်ပြန်လိုက်တဲ့ အဆင့် ၄ သတိပေးချက်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြင့်ဆုံး ထုတ်ပြန်ချက်ဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံကို မသွားကြဖို့နဲ့ အန္တရာယ်ကင်းတာနဲ့တပြိုင်နက် မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

အရေးပေါ်အခြေအနေတွေကြုံလာရရင် အမေရိကန်သံရုံးအနေနဲ့ အကူအညီပေးဖို့ ကန့်သတ်ချက်တွေ ရှိနိုင်တယ်လို့လည်း သံရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းသတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org